တနင်္သာရီတိုင်းအတွင်း ဒီဇင်ဘာလနောက်ဆုံးအပတ်ကနေ ဇန်နဝါရီလ ၈ ရက်နေ့ထိ နေ့တိုင်းလိုလို တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။
တနင်္သာရီမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ပုလောမြို့နယ်နှင့် ထားဝယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ ဂိတ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ဒေသတွင်း တိုက်ပွဲပြင်းထန်လာခဲ့ခြင်းဖြစ်သည်။
“ဒီနှစ်အတွင်းမှာ ကျွန်တော်တို့က တောင်ပိုင်းတိုင်းမှာ စစ်ရေးအရှိန်ကို မြှင့်ဖို့ရှိနေတာပါ။ ဒါကို နှစ်စကတည်းက အကောင်အထည်ဖော်နေတဲ့သဘောပါပဲ။ တိုက်ပွဲတွေမှာ ကျွန်တော်တို့ဘက်က ရဲဘော်တွေလဲ ကျဆုံးမှုတွေ ရှိပါတယ်” ဟု တိုင်းစစ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၆ နှင့် ၇ ရက်နေ့တို့တွင် လောင်းလုံး၊ ထားဝယ်နှင့် မြိတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် တိုင်းအတွင်း ဝင်ရောက်သည့် ကုန်တင်ယာဉ်၊ ခရီးသည်ယာဉ်များ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သေးသည်။
ဒေါနတနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောနသန်ကလည်း “အခြေအနေကတော့ ထိတွေ့တိုက်ပွဲတွေ နေရာအနှံ့ဖြစ်ပွားနေတဲ့အနေအထားပါ။ လမ်းပန်းဆက်သွယ်ရေးကတော့ စစ်ဆေးရေးဂိတ်တွေက ပိုပြီး တင်းကြပ်လာတာရှိပါတယ်။ ပြီးရင် အဓိကအရေးပါတဲ့ နယ်စပ်ဂိတ်ကြီးနှစ်ခုလည်း ပိတ်ထားရတဲ့အခြေအနေပါ။ ထားဝယ်-ထီးခီး နယ်စပ်ကုန်သွယ်ရေးလမ်းကတော့ KNU/KNLA တပ်တွေနဲ့ KTLA တပ်တွေအကြားမှာ ထိတွေ့တိုက်ပွဲတွေကြောင့် ပိတ်ထားရတာဖြစ်ပြီး မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကတော့ တော်လှန်ရေးတပ်တွေနဲ့ စကစတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေကြောင့် သွားလာခွင့်တွေကို ပိတ်ထားရပါတယ်” ဟု ပြောသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် လေကြောင်းဖြင့်လည်း ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်နေသည်ဟုလည်း သိရသည်။
ဇန်နဝါရီလ ၇ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် ထားဝယ်အရှေ့တောဒေသ ကျွန်းချောင်းကြီးကျေးရွာထဲကို စစ်ကောင်စီ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ရသည်။
နှစ်ဘက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားနေသလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ၃ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။