spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းအင်တာနက်လွတ်လပ်ခွင့်နည်းတူ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အခြေအနေကျဆင်း

    အင်တာနက်လွတ်လပ်ခွင့်နည်းတူ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အခြေအနေကျဆင်း

    -

    ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အခြေအနေသည် အင်တာနက်လွတ်လပ်ခွင့်နည်းတူ ပိုမိုကျဆင်းလာနေသည်ဟု မြန်မာအင်တာနက်ပရောဂျက် (MIP) က ထုတ်ပြန်သည့် “၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် ဖိနှိပ်ခံရမှု အခြေအနေများ’’ အစီရင်ခံစာတွင် ထောက်ပြ ပြောဆိုထားသည်။

    စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မြို့နယ်ပေါင်း အနည်းဆုံး ၈၁ မြို့နယ်တွင် အင်တာနက်ဖြတ်တောက်မှုများပြုလုပ်ခဲ့ပြီး အထူးသဖြင့် စစ်ကောင်စီနှင့် စစ်ရေးပဋိပက္ခကြီးထွားရာနေရာဒေသများ ဖြစ်သည့်အပြင် စစ်ကောင်စီလက်လွှတ်ခဲ့သည့် မြို့နယ်အားလုံးနီးပါတွင် အင်တာနက်ဖြတ်တောက်ခဲ့သည်။

    သတင်းလွတ်လပ်ခွင့်၊ အင်တာနက်လွတ်လပ်ခွင့်သည် လူသားတိုင်း၏ အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်သော်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပိတ်ပင်ခံရမှုကြောင့် ပြည်သူများ ဆက်သွယ်ရေးအခက်အခဲအပြင် အွန်လိုင်းမှ သတင်းအချက်အလက်ရရှိမှုလည်း တစ်ပြိုင်တည်း ဆုံးရှုံးနေရပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အနိမ့်ဆုံးအခြေအနေတွင် ရောက်ရှိနေသည်ဟု မြန်မာအင်တာနက်ပရေဂျက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “အခုကာလမှာ အင်တာနက်ပိတ်တယ်။ ဖုန်းလိုင်းဖြတ်တောက်တယ်။ လူမှုကွန်ရက်မီဒီယာတွေကို အသုံးပြုလို့မရအောင် လုပ်ဆောင်တယ်ဆိုရင် အင်တာနက်လွတ်လပ်ခွင့်ကို ကန့်သတ်ပိတ်ပင်လိုက်တာပဲ။ ဒီလိုပိတ်ပင်လိုက်တဲ့အတွက် အများပြည်သူဟာ သတင်းအချက်အလက် သိပိုင်ခွင့်ဆုံးရှုံးသွားတယ်။ ဒီအပြင် စစ်ကောင်စီဟာ သတင်းမီဒီယာသမားတွေကို တရားလက်လွတ် ဖမ်းဆီးတယ်။ သတင်းဌာနတွေကို ပိတ်တယ်။ ဒါတွေဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ပိတ်ပင်ကန့်သတ်လိုက်တာပဲ” ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်မှု အချိန်မရွေးပြုလုပ်နိုင်သည့်အပေါ် ပြည်သူများ ပုံနှိပ်မီဒီယာပြန်လည်အသုံးပြုရန်၊ ရေဒီယိုနှင့် စတားလင့်ခ့်အင်တာနက် အသုံးပြုနိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း ၎င်းက တိုက်တွန်းသည်။

    ၎င်းပြင် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဒီဂျစ်တယ်လွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါးလုပ်ဆောင်ခဲ့သည့်အပြင် ၂၀၂၅ နှစ်ဆန်းပိုင်းတွင်လည်း ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဌာန်းလာခြင်းကြောင့် ဒီဂျစ်တယ်နှင့် သတင်းလွတ်လပ်ခွင့် အမှောင်ဘက်သာ ဦးတည်မည်ဟု (MIP) တာဝန်ရှိသူက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် သတင်းမီဒီယာလွတ်လပ်ခွင့် ကျဆင်းခဲ့သည်သာမက ပြည်တွင်း၊ ပြည်ပအခြေစိုက် မီဒီယာများတွင် အလုပ်လုပ်ကိုင်နေသည့် သတင်းသမားများ ၃ ဦး သေဆုံးခဲ့ရပြီး ၄ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “သတင်းမီဒီယာသမားတွေ သတင်းလုပ်ငန်းလုပ်ချိန်မှာ အသတ်ခံရတယ်ဆိုတာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို လျစ်လျူရှု့ခံရတာပဲ။ ဒီလိုအခြေအနေမှာ လွတ်လပ်တဲ့သတင်းမီဒီယာတွေက ရရှိနိုင်မဲ့ မှန်ကန်ပြီး တိကျတဲ့ အများပြည်သူ အကျိုးစီးပွားရှေ့ရှု့မှုတွေ အားနည်းသွားစေတယ်။ အမှောင်ကြီးစိုး အားကြီးလာဖို့ အားပေးသလို ဖြစ်စေတဲ့အတွက် လူ့အဖွဲ့အစည်းအကျိုးကိုလည်း ယုတ်စေတယ်” ဟု MIP တာဝန်ရှိသူက ဆက်ပြောသည်။

    သတင်းသမားသေဆုံးမှုနှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံနေရမှုပေါ် လွတ်လပ်သော မြန်မာသတင်မီဒီယာကောင်စီ (IPCM) မှ ကန့်ကွက်မှုပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီမှ ၎င်းတို့၏ ဆုံးဖြတ်ချက်အပေါ် ပြင်ဆင်ဆောင်ရွက်ခြင်းမရှိခဲ့ပေ။

    စစ်တပ်အာဏာသိမ်းကာလအတွင်း သတင်းသမား ၁၇၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သတင်းသမား ၄၄ ဦးကို အကျဉ်းထောင်တွင် ထိန်းသိမ်းထားသလို သတင်မီဒီယာ ၁၅ ခုကိုလည်း စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းခံသည်။

    မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့် အဖိနှိပ်ခံရဆုံး စာရင်းဝင် နိုင်ငံ ၁၀ နိုင်ငံထဲတွင် ပါဝင်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks