Homeသတင်းယခုနှစ် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကို မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် ကျင်းပမည်

ယခုနှစ် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကို မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် ကျင်းပမည်

-

တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်နေ့) တွင် ကျရောက်မည့် ၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို မော်လမြိုင်မြို့ရှိ မွန်ဓမ္မရုံတွင် ကျင်းပသွားမည်ဟု ၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) ကျင်းပရေးကော်မတီထံမှ သိရသည်။

မွန်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် မွန်အမျိုးသားနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေကြောင့် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိတော့ပဲ အခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပလာခဲ့သည်။

ယခုနှစ် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကိုလည်း မော်လမြိုင်မြို့ရှိ မွန်ဓမ္မရုံတွင် အကျဉ်းချုံးသာ ကျင်းပသွားရန် စီစဉ်ထားသည်ဟု ၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီနှစ် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကိုတော့ မော်လမြိုင်မြို့က မွန်ဓမ္မရုံမှာပဲ ကျင်းပသွားတော့မယ်။ အစီအစဉ်တွေတော့ သိပ်မရှိတော့ဘူး။ ကိုယ့်ရဲ့ မွန်အမျိုးသားနေ့(ဗဟို) ဆိုတဲ့ အခမ်းအနားကို ရိုးရာမပျက် ကျင်းပနိုင်အောင်လို့ စီစဉ်ခဲ့တာ ဖြစ်တယ်။ တစ်ရက်တည်းနဲ့ပဲ လုပ်သွားတော့မယ်” ဟု ၎င်းက ပြောသည်။

မွန်အမျိုးသားနေ့အခမ်းအနားကို ယခင်က မိမိဒေသအလိုက် ကျင်းပလာခဲ့ရာမှ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်များ စုပေါင်းကာ ကျင်းပရေးကော်မတီ (ဗဟို) ကို ဖွဲ့စည်းခဲ့သည်။

ကျင်းပရေးကော်မတီ ဗဟိုအဆင့်ကို ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို တစ်နှစ်လျှင် တစ်မြို့နယ်ဖြင့် အလှည့်ကျကျင်းပလာခဲ့သည်။

သမလ၊ ဝိမလ မွန်မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts