spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် လွတ်လာသည့် အကျဉ်းသား ၂၅၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသား ၆ ဦး ပါဝင်

    မွန်ပြည်နယ်တွင် လွတ်လာသည့် အကျဉ်းသား ၂၅၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသား ၆ ဦး ပါဝင်

    -

    မွန်ပြည်နယ်ရှိ အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၂၅၄ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ကျိုက်မရောထောင်မှ နိုင်ငံရေးအကျဉ်းသား ၅ ဦးနှင့် သထုံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁ ဦး စုစုပေါင်း ၆ ဦးသာ ပါဝင်သည်ဟု သိရသည်။

    ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စစ်ကောင်စီက အကျဉ်းသား ၅၈၆၄ ဦးကို ပြန်လွှတ်ပေးခဲ့သည့်အနက် မွန်ပြည်နယ်မှ အကျဉ်းသား ၂၅၄ ဦးပါဝင်ကြောင်း သိရသည်။

    လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် အကျဉ်းသား ၅၈၆၄ ဦးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးအကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော် ပါဝင်သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသော်လည်း လက်တွေ့တွင် လွတ်ငြိမ်းခွင့်ရသည့် နိုင်ငံရေးအကျဉ်းသား ထက်ဝက်ခန့်သာရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း PPNM မှ ကိုသိုက်ထွန်းဦးက ပြောသည်။

    “ကျနော်တို့ပြုစုရထားတဲ့စာရင်းအရဆို သူတို့ လွှတ်ပေးတဲ့ဦးရေနဲ့ ထက်ဝက်လောက်ကွာဟနေတယ်။ ဒါက သူတို့ရဲ့ ပြောဆိုဝါဒဖြန့်မှုသက်သက်ပဲဖြစ်တယ်။ ကျနော်တို့စာရင်းပြုစုပြီး ထုတ်ပြန်ဖို့ရှိတယ်။ သထုံအကျဉ်းထောင်မှာဆိုရင် နိုင်ငံရေးအကျဉ်းသား ၁ ဦးပဲပါတယ်။ ကျိုက်မရောထောင်မှာက ၅ ဦးပဲ ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

    ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အကျဉ်းသား (၁၂) ဦးနှင့် အကျဉ်းသူ (၂) ဦးသာ လွတ်မြောက်လာပြီး၊ ၎င်းတို့အနက် ပုဒ်မ – ၅၀၅ ဖြင့် ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား (၃) ဦးနှင့် အကျဉ်းသူ (၂) ဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးက ပြောကြးသည်။

    ပြန်လွတ်လာသူများတွင် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၅ ဦးအပါအဝင် အကျဉ်းသား ၁၄ ဦး၊ သထုံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁ ဦးအပါအဝင် အကျဉ်းသား ၃၆ ဦး၊ ရင်းငြိမ်အလုပ်စခန်းမှ အကျဉ်းသား ၂၆ ဦး၊ ဇင်းကျိုက်အလုပ်စခန်းမှ အကျဉ်းသား ၁၈ ဦး၊ အင်းဗြောင်အလုပ်စခန်းမှ အကျဉ်းသား ၈ ဦး ပါဝင်သည်။

    ၎င်းပြင် မုပ္ပလင် အမျိုးသားကုန်ထုတ်စခန်းမှ အကျဉ်းသား ၃၇ ဦး၊ မုပ္ပလင် အမျိုးသမီးကုန်ထုတ်စခန်းမှ အကျဉ်းသူ ၄၃ ဦး၊ အင်္ဂဘိုရော်ဘာစိုက်ပျိုးရေးစခန်း (ရွှေဖြူ) မှ အကျဉ်းသား ၈ ဦးလည်း လွတ်မြောက်လာခဲ့သည်။

    စစ်ကောင်စီက တော်လှန်ရေးအဖွဲ့အတွက် အင်အားဖြစ်လာမည့် သောင်းနှင့်ချီသည့် နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်မပေးဘဲ ပြန်ပေးဆွဲဖမ်းဆီးထားခြင်းသည် စစ်ကောင်စီ၏ အင်အားချိနဲ့နေသည့်အနေအထားကို ပြသနေသည်ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

    “နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှုနည်းတယ်ဆိုကတည်းက စစ်ကောင်စီ ဘယ်လောက်ထိ အခက်တွေ့နေလည်းဆိုတာ နိုင်ကျဉ်းလွှတ်ပေးတဲ့အရေးအတွက် ကြည့်ခြင်းအားဖြင့် သုံးသပ်လို့ရတယ်။ အဖက်ဖက်မှာ ရှုံးနိမ့်ထားတယ်။ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံရေးအကျဉ်းသားတွေကို ထပ်လွှတ်ပေးခြင်းအားဖြင့် တော်လှန်ရေးအဖွဲ့တွေကို အင်အားတိုးပေးခြင်းဖြစ်တယ်ဆိုတဲ့ယူဆချက်နဲ့ပဲ သူတို့က အကြောက်တရားကို ဖုံးကွယ်ဖို့ နိုင်ငံရေးအကျဉ်းသားတွေကို နည်းနည်းလေး လွှတ်ပေးတယ်။ ဒီအကျဉ်းထောင်တွေမှာ သောင်းနဲ့ချီပြီးမှ ပြန်ပေးဆွဲ ဖမ်းဆီးထားဆဲပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

    ပြန်လွတ်လာသူများသည် ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲအရ နောက်တစ်ကြိမ် ထပ်မံပြစ်မှု ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်များ လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

    နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံခဲ့ရသူ ၂၈၀၉၆ ဦးရှိပြီး ၎င်းထဲမှ ၂၁၄၉၉ ဦးသည် ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉၉၅၈ ဦး ထောင်ဒဏ်ချမှတ်ခံထားရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks