Tuesday, March 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ဘာသာရေးအကြောင်းပြပြီး အလှူငွေတောင်းခံမှု ပိုများလာ

    မွန်ပြည်နယ်တွင် ဘာသာရေးအကြောင်းပြပြီး အလှူငွေတောင်းခံမှု ပိုများလာ

    -

    မွန်ပြည်နယ်အတွင်း ဘာသာရေးအကြောင်းပြပြီး အလှူငွေတောင်းခံမှု ပိုများလာကြောင်း မွန်ဒေသခံပြည်သူတို့၏ ပြောဆိုချက်အရ သိရသည်။

    ပြည်နယ်အတွင်း ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင် အစရှိသည့် မြို့ကြီးများနှင့် ကျေးရွာများဘက်တွင် ပရဟိတ၊ ဂေဟာ၊ ဘုန်းတော်ကြီးပညာသင်ကျောင်း စသဖြင့် ခေါင်းစဉ်မျိုးစုံတပ်ကာ ၁၂ ရာသီ အလှူငွေများ လာရောက်တောင်းခံနေကြသည်ဟု ဆိုသည်။

    “အလှူခံတွေကလေ နွေ၊ မိုး၊ ဆောင်း မရွေးဘူး။ နေ့စဉ် မရိုးနိုင်တဲ့ အလှူငွေခံတာတွေ မပြောနေနဲ့တော့။ ကျောင်းမျိုးစုံ၊ ခေါင်းစဉ်မျိုးစုံနဲ့ လာပြီးတော့ တစ်ရွာဝင်၊တစ်ရွာထွက် အလှူခံကြတာ။ မွန်ပြည်နယ်မှာက အလှူခံရတာ လွယ်တယ်လေ။ ကျနော်တို့လို ရေးမြို့နယ်မှာဆိုရင် အလှူခံပါတယ်လို့ ပြောတာနဲ့ အိမ်တိုင်းက ပိုက်ဆံကောက်ထည့်ပေးကြတာပဲ။ ဘယ်အသင်း၊ ဘယ်အဖွဲ့အစည်းလဲ ဘယ်ကနေလာတာလဲဆိုတာကို ဘယ်သူမှ အရင်မမေးကြဘူး” ဟု ရေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

    အလှူခံများသည် မည်သည့်ခွင့်ပြုချက်မှမရယူပဲ လိုက်လံအလှူခံနေကြောင်း၊ ယခုကဲ့သို့ မြို့ကျော်၊ နယ်ကျော် လှည့်လည်အလှူခံနေခြင်းကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သံဃာ့အဖွဲ့အစည်းတို့က စိစစ်ပြီး အရေးယူမှု လုပ်ဆောင်သင့်ကြောင်း ဆိုသည်။

    “အရင်ကဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ခွင့်ပြုချက်ရပြီးမှ ရွာထဲကို အလှူခံခွင့်ပြုတယ်။ တချို့ရွာတွေက ခွင့်မရရင် မပေးဝင်ဘူး။ ဒီလိုမျိုး အလှူခံနေကြတာက ဓမ္မတာအလုပ်တစ်ခုလို ဖြစ်သွားလို့ အရေးယူတဲ့လူတွေတောင် မရှိတော့ဘူး” ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။

    မြို့နှင့် ကျေးရွာများတွင် လာရောက်အလှူငွေတောင်းခံမှုများအပြင် ဘူတာရုံ၊ ကားဝင်း၊ ဈေးနှင့် လူစည်ကားရာနေရာများတွင် သင်္ကန်းဝတ်၊ သီလရှင်ဝတ် ယောဂီဝတ်ဖြင့် ဝိနည်းနှင့်မညီ အလှူခံနေသည့် ပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်စေလိုကြောင်းလည်း ဒေသခံပြည်သူတို့က လိုလားနေကြသည်။

    စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် အလုပ်အကိုင်ရှားပါးခြင်းနှင့် အဆင်မပြေမှုများကြောင့် ရပ်ကွက်၊ ကျေးရွာအတွင်း အလှူငွေကောက်ခံခြင်း၊ စစ်ဘေးရှောင်ကူညီရေးအဖွဲ့၊ သဘာဝဘေးကူညီရေးအဖွဲ့နှင့် ပရဟိတအဖွဲ့ လှုပ်ရှားသူအဖြစ် ယောင်ဆောင်ကာ အွန်လိုင်းပေါ် လိမ်လည်အလှူခံခြင်းလည်း ပိုမိုများပြားလာခဲ့ပြီး စစ်ဆေးအရေးယူမှုအပိုင်း အားနည်းလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks