စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်အပါအဝင် မွန်ပြည်နယ်မြို့နယ်အများစုတို့တွင် ဒေသန္တရအမိန့် ဖောက်ဖျက်ကျူးလွန်သူများကို စစ်မှုထမ်းခိုင်းမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုထားသည့်အပြင် မြေပြင်တွင်လည်း လူငယ်များကို ဖမ်းဆီးပြီး စစ်သင်တန်းသို့ ပို့ဆောင်နေသည်။

စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်း စတင်ခဲ့သည့်အချိန်မှစပြီး ငွေကြေးမက်လုံးပေးပြီး စစ်မှုထမ်းသင်တန်းသားကို ခေါ်ယူစုဆောင်းခဲ့သော်လည်း စစ်မှုထမ်း အပတ်စဉ် ၈ တွင် ဥပဒေမဲ့ ဖမ်းဆီးခြင်းနည်းဖြင့် စစ်သင်တန်းအတွက် လူစုဆောင်းလျှက်ရှိသည်။
စစ်ကောင်စီက လတ်တလောတွင် လူငယ်များကို ပစ်မှတ်ထားပြီး အတင်းအဓမ္မ ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်လာပြီး အချို့ ငွေကြေးအများအပြားပေးပြီး ပြန်လွတ်လာခြင်းမရှိသော်လည်း အများစုက ပြန်မလွတ်ပဲ စစ်သင်တန်းပို့ဆောင်ခံရခြင်း၊ ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲကာ ထောင်ချခြင်းများ ပြုလုပ်လာသည်ရှိသလို အချို့က သတင်းအစအနမရပဲ ပျောက်ဆုံးနေသည်လည်း ရှိနေသည့်အပေါ် မွန်ပြည်နယ် ဒေသအသီးသီးက မွန်လူငယ်တို့၏ စကားသံကို စုစည်းတင်ပြထားသည်။
မုဒုံဒေသခံ လူငယ်အမျိုးသားတစ်ဦး
“အခြေအနေတွေက အားလုံးသိတဲ့အတိုင်းပဲ သွားလာဖို့က မလုံခြုံဘူး။ လူငယ်တွေကို လမ်းမှာ ဖမ်းတယ်။ စစ်မှုပေးထမ်းခိုင်းတာပေါ့။ ဘယ်အချိန်မှာ ဘယ်လိုဖမ်းတာလဲဆိုတာ ပြောထားတာမရှိဘူးလေ။ အသွားအလာ စိုးရိမ်းရတာပေါ့။ မိဘတွေလည်း မလွှတ်တော့ဘူး။ ဘယ်နေရာပဲသွားသွား ပတ်ဝန်းကျင်တိုင်းက ကိုယ့်အတွက်အန္တရယ်ရှိနေတယ်လို့ ခံစားရတယ်။ ကိုယ့်နိုင်ငံက လူကြီးတွေပဲ ကိုယ့်ကို ဒီလိုခံစားရအောင် လုပ်နေတာ။ အကူအညီမဲ့သလို ခံစားရတယ်။ ကိုယ်ရဲ့ပန်းတိုင်ရောက်ဖို့ ခက်သွားတယ်။ မိဘတွေလဲ support မပေးနိုင်တော့ဘူး။ စစ်မှုထမ်းဥပဒေကို ကျော်ဖြတ်နိုင်မလား။ ပါသွားမလာဆိုတာ ကြောက်နေကြတယ်။ ငယ်ငယ်တုန်းက လူကြီးဖြစ်ချင်တယ်ပေါ့။ အိမ်ကလူလွှတ်ဖို့ လွတ်လွတ်လပ်လပ်သွားချင်တာပေါ့။ ကြီးလာတော့ ဒီခြေနေရောက်သွားတော့ လွတ်လပ်တယ်ဆိုတာ မရှိတော့ဘူး။ အဲဒီအစား ကြောက်စိတ်နဲ့ စိုးရိမ်းစိတ်တွေ ရလာတယ်။ လူငယ်ဆိုတာ လုပ်ချင်တဲ့အရာတွေ အများကြီးရှိတယ်။ သွားမယ်၊ ပျော်မယ် အဲလိုပေါ့ အခုက လူငယ်တစ်ယောက်ရဲ့ အခွင့်အရေးကို အများကြီး လျှော့ချလိုက်တာ။ သတ်မှတ်လိုက်တာပါပဲ။ မမျှတဘူးလို့ခံစားရတယ်။ လူမှုကွန်ရက်ပေါ်မှာ လူတိုင်းမြင်နေကြတာပဲ မဟုတ်လား။ အခြားနိုင်ငံက လူငယ်တွေ နေထိုင်ပုံ အသွားအလာ လွတ်လပ်မှုအပြည့်ရှိတယ်။ ယှဉ်ကြည့်လိုက်ရင် ပိုခံစားရတယ်။ သိမ်ငယ်စိတ်တွေဝင်လာတယ်။ အကယ်လို့ လူငယ်တစ်ယောက်ကို စကစတွေက ဖမ်းဆီးသွားပြီးဆိုရင် အဲတစ်ယောက်ရဲ့အချက်လက်တွေ လုံးဝပျောက်သွားတယ်။ ဘာဖြစ်သွားလဲဆိုတာ ဘယ်သူမှမသိဘူး။ ဖမ်းခံရပြီးဆိုရင် ဖြေရှင်းဖို့ နည်းလမ်းမရှိသလောက်ပါပဲ။ အဖမ်းမခံရခင် ကြိုတင်သတိထားပြင်ဆင်ရတာပေါ့။ အလုပ်မသွားခင် အချိန်တွေမှာ သေချာစုံစမ်းရတာ၊ ဘယ်နေရာ ဘာဖြစ်နေလဲဆိုတာ။ လူငယ်တွေကို အကြံပေးတိုက်တွန်းချင်တာက လုံခြုံမှုအတွက် ဦးစားပေးပြီးထား။ update news နဲ့နေရမယ်။ သတင်းတွေ များများဖတ်ရမယ်။ ဘယ်နေရာ ဘာတွေဖြစ်နေလဲဆိုတာ သိထားရမယ်။ ကိုယ့်ကိုထိခိုက်နိုင်တဲ့အရာတွေဆို ရှောင်ရမယ်။ လူငယ်တွေအများစုက လမ်းပျောက်နေကြတယ်။ လူငယ်တွေကို Skill Development နဲ့ Focus စေချင်တယ်။ Social Media Platform ပေါ်မှာ အများကြီးလေ့လာလို့ရတယ်။ ကိုယ်လိုချင်သလောက်၊ ယူတက်သလောက်တော့ ရတယ်။ Facebookနဲ့ YouTube ပေါ်မှာ အင်္ဂလိပ်စာတွေ လေ့လာလိုရတယ်။ သင်တန်းတွေလဲရှိတယ်။ အချိန်မဖြုန်းစေချင်ဘူး”
ရေးဒေသခံ လူငယ်အမျိုးသမီးတစ်ဦး
“ဒီလိုမျိုး ဥပဒေမဲ့ အကြောင်းပြချက်မရှိ ဖမ်းဆီးနေတာ၊ ပေါ်တာလိုက်ဆွဲနေတာကြောင့်မို့ အိမ်ပြန်နောက်ကျလေ အန္တရာယ်များလေပဲ။ ပြီးတော့ ညဘက်ဆိုလဲ သူတို့ စစ်ဆေးမှုတွေ လုပ်နေတယ်။ ကိုယ့်ဖုန်းကိုလဲ သူတို့ စစ်တယ်။ တကယ်လို့ ကိုယ့်ဖုန်းမှာ အလုပ်နဲ့ ပတ်သက်တာ သူတို့ တွေ့သွားမယ်ဆိုရင် ကိုယ့်အလုပ်က ဥပဒေမဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ကိုယ့်ကို ဖမ်းချင်ရင်တော့ အဲအလုပ်က ဥပဒေမဲ့တဲ့အလုပ်အဖြစ်နဲ့ အကြောင်းပြချက်ပြီး ဖမ်းလိုက်မှာလဲ စိုးရိမ်းနေရတယ်။ စစ်မှုးထမ်းရမှာလဲ ကြောက်ရတယ်။ ကိုယ့်လုံခြုံရေးအတွက်လဲ ကြောက်ရတယ်။ သူခိုးတွေလဲ များပြီးကြောက်ရတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်တယ်ဆိုတာ ဘာမှမရှိခဲ့ဘူး။ ကိုယ်လုပ်ချင်တာမလုပ်ရဘူး။ ကိုယ့်အနာဂတ်တောင် ရှာလို့ မတွေ့ဘူး။ လမ်းပျောက်နေတုန်းပဲ။ နောက်ပြီး ကိုယ်လုပ်နေတဲ့အလုပ် အကုန်လုံးကို သူတို့(စကစ)လိုက်ကြည့်နေသလိုဖြစ်နေတော့ ဘယ်အဆင်ပြေမလဲ။ လူငယ်ပဲ လူငယ်လို မနေရတာ ခံစားရခက်တယ်။ ဒီအတောအတွင်းမှာဆိုရင် လူပျောက်တာလည်းများနေတော့ ဖြစ်နိုင်ရင် GPS တောင် တပ်ထားစေချင်တယ်။ ဆိုင်ကယ်၊ ဖုန်း၊ ကိုယ်အိမ့်က ဖုန်းတွေ၊ ပြီးတော့ ညဘက်ဆို ဖြစ်နိုင်ရင် အပြင်မထွက်နဲ့ပေါ့ ထွက်ရင်တောင် လူသိပ်မရှိတဲနေရာတွေ မသွားနဲ့ သိထားရတယ်။ လူငယ်တွေကို တိုက်တွန်းချင်တဲ့စကားက အခုက အကြောင်းပြချက်မရှိ လူငယ်တွေကို ဖမ်းဆီးနေတာကြောင့် ဖြစ်နိုင်ရင် အပြင်မထွက်နဲ့၊ ညဘက်ဆိုလဲ မသွားသင့်ရင် မသွားနဲ့ပေါ့။ ယောကျာ်းလေးဆိုလဲ နှစ်ယောက်တစ်စီး မစီးနဲ့ သူတို့တွေ့ခဲ့ရင် ငွေကြေးတောင်းမယ်။ မဟုတ်ရင် လူကိုပဲ ဖမ်းသွားမယ်။ အဲလိုပေါ့။ အဓိကက GPS ရှိစေချင်တယ်။ ဆိုင်ကယ်မှာလား၊ မဟုတ်ရင် ဖုန်းမှာလား၊ ကိုယ်ယုံကြည့်ရတဲ့လူနဲ့ ရှဲထားပေါ့နော်။ တကယ်လို့ ကိုယ်ပျောက်ရင် အိမ်ကလူတွေ သိအောင်လို့ ကိုယ်ဘယ်နေရာရှိနေလဲဆိုတာမျိုးပေါ့”
မော်လမြိုင်မြို့ခံ လူငယ်အမျိုးသမီးတစ်ဦး
“အကြောက်ဆုံးက စစ်မှုထမ်းပဲလေ။ အဖမ်းခံရရင် ဘာမှ လုပ်လို့မရတော့ဘူး။ ကိုယ်ရဲ့ရည်မှန်းချက်က အကုန်အမှောင်ကျသွားပြီ။ လူငယ်ဆိုတာ သွားမယ်၊ လာမယ် အတွေ့ကြုံသစ်တွေ သင်ယူမယ် အဲလိုပေါ့။ သွားလာခွင့် လွတ်လွတ်လပ်လပ်မရှိတော့ အတွေ့ကြုံနည်းတယ်။ ခံစားရခက်တယ်။ လူငယ်တစ်ယောက်အနေနဲ့ သွားပြီးဆိုရင်လဲ ထောက်ခံစာတွေ ဘာညာ ယူရသေးတယ်။ ဝေးဝေးသွားလာမဲ့အစား နီးနီးပဲသွားလာကြတယ်။ သူဖမ်းသွားပြီးဆိုရင်လဲ ဘာမှ လုပ်လို့မရဘူး။ ဘယ်အချိန်ဖမ်းမယ်ဆိုတာလဲ မသိဘူးဆိုတော့ သတိထားနိုင်သလောက်တော့ သတိထားရမယ်။ တကယ်လို့ စစ်ကောင်စီအတွက် စစ်မှုထမ်းရမဲ့တူတူ ကိုယ့်မွန်ဘက်က တပ်သားတစ်ယောက်ပဲဖြစ်ချင်တာပေါ့။ မွန်ဘက်ကလဲ အချိန်မရွေးသွားလို့ရတာပဲ။ အခုမြင်တွေ့နေရတာ လူငယ်တော်တော်များများက ဘာမှ မလုပ်ချင်ကြတော့ဘူး။ ဒီလိုဖြစ်နေတယ်။ မြို့ပျက်စီး၊ ရွာပျက်စီးနေတော့ ကိုယ်ဖြစ်ချင်တာ မဖြစ်နိုင်တော့ဘူး၊ ထင်နေကြလိမ့်မယ်။ ဒါပေမဲ့ အပြင်မှာ အဆင်မပြေပေမဲ့ အခု online ပေါ်မှာ ကျောင်းတက်လဲရတယ်။ social media ပေါ်မှာ ကိုယ်လုပ်ချင်တာတွေ ရှာပြီး လေ့လာလို့ရတယ်။ သင်တန်းတွေလဲ တက်လိုရတယ်။ အဓိကက လူငယ်တွေ စိတ်ဓာတ်မကျဖို့ပဲ”
သံဖြူဇရပ်ဒေသခံ လူငယ်အမျိုးသားတစ်ဦး
“အဓိကက ဖုန်းကိုပဲ သတိထားရတာပေါ့။ ဖုန်းမှာ သူတို့(စကစ)တွေ့သွားတဲ့ဟာက ဘာမှမဟုတ်ဘူး ဒါပေမဲ့ သူတို့ ဒီပြဿနာကို ကြီးအောင် လုပ်လိုက်တာ။ ကိုယ်က အဖွဲ့တစ်ခုခုနဲ့ လုပ်ထားတာ တွေ့ရင် သူတို့ စွပ်စွဲတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တယ်ဆိုပြီးတော့ ကြုံဖူးတယ်။ ကိုယ့်သူငယ်ချင်းက သီချင်းဆိုထားတဲ့ပုံကို သူတို့က တော်လှန်ရေးနဲ့ ပတ်သက်တယ် ဘာညာဆိုပြီးတော့ စွပ်စွဲတယ်။ သီချင်းဆိုနေတဲ့ပုံကို သူတို့အထင် မျိုးချစ်စိတ်တွေရှိနေလို့ လူမျိုးရေးနဲ့ပတ်သက်တာ ဘာမှ မထားရင်အကောင်းဆုံးပဲ။ လူငယ်တွေကြားမှာတော့ လူငယ်တွေက သူတို့အတွက်ကို စိတ်မပူဘဲနဲ့ သူတို့ရဲ့မိသားစုကို စိုးရိမ်းကြတာများတယ်။ ဥပမာ သူက စစ်မှုမထမ်းဘူး သူရှောင်လိုက်မယ်။ တော်လှန်းရေးဘက်မှာ ဝင်နေမယ်ဆိုရင် အိမ်မှာ ကျန်နေတဲ့မိသားစုတွေ ခက်ခဲသွားမှာ ကြောက်နေကြတယ်။ စစ်မှုထမ်းကို ရှောင်မယ်ဆိုရင် နှစ်လမ်းပဲ ရှိတယ်။ ပြည်ပထွက်မယ် မဟုတ်ရင် တော်လှန်းရေးမှာ ဝင်မယ်။ လူငယ်က သူတို့ အသက်ကို ဆုံးရှုံးရမှာ မကြောက်ဘူး။ သူတို့မိသားစုအတွက်ပဲ ပူပန်ကြတာ။ ဘယ်သူ့ကိုမှလဲ ယုံလိုမရတော့ဘူး။ မွန်ညီညွှတ်ရေးပါတီလည်း မွန်လူမျိုးအတွက် လှုပ်ရှားတာမတွေ့ရဘူး။ မွန်ပြည်သစ်ပါတီလဲ အဲလိုပဲ ဒါပေမဲ့ သူတို့ပါတီ အဖွဲ့ဝင်တွေကိုတော့ သူတို့ဝန်းရံနေကြတာ တွေ့တယ်ပေါ့နော်၊ ရိုးရိုးဒေသခံတွေ လူငယ်တွေပဲ ဘာမှမလုပ်ပေးကြဘူး။ အမှုတစ်ခုခုဖြစ်ရင် ပါသွားမှာကြောက်နေကြလို့ ဘယ်သူမှ မလိုက်ကြဘူး။ ရွာက ဥက္ကဌ၊ အုပ်ချုပ်ရေးမှုး ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော် မလိုက်ရဲကြဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ရင် ဘယ်သူမှ မလှုပ်ရှားချင်ဘူး။ မဖြစ်မနေ သူနဲ့ပတ်သက်လို့ပဲ လိုက်နေကြတယ်ပေါ့။ ဖြစ်နိုင်ရင် လူငယ်တွေ နိုင်ငံရေးနဲ့ပတ်သက်ရင် online ပေါ်မှာ ဘာမှ မတင်စေချင်ဘူး။ တကယ်လို့ ကိုယ်လုပ်ခဲ့ရင်တောင် ဉာဏ်သုံးပြီးတော့ လုပ်စေချင်တယ်။ နောက်ထပ်တိုက်တွန်းချင်တာက ဖြစ်နိုင်ရင် အဝေးကို မထွက်သွားစေချင်ဘူး။ ညအိပ်ခရီးတွေ မသွားစေချင်ဘူး။ ဘာလိုလဲဆိုတော့ တစ်ခုခုဖြစ်လာရင် အိမ်ပြန်မီဖို့၊ မိသားစုနဲ့တစ်စုတစ်စည်တည်းဖြစ်နေဖို့ တိုက်ပွဲဆိုလည်း ကိုယ့်ရဲ့ ကျောတစ်ဘက်ခြမ်းမှာပဲ ရှိနေတယ်”