စစ်ကောင်စီ ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပါအဝင် စစ်အုပ်စုကို ဆက်လက်ရှင်သန်ကြီးထွားစေမည့် ယန္တရားများကို မွန်လူငယ်အားလုံး ဆန့်ကျင်သွားကြရန် ရာမညဖယ်ဒရယ်အင်အားစုသစ် (NRFF) က ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန် တိုက်တွန်းလိုက်သည်။

ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၃ ကြိမ်မြောက် မွန်လူငယ်များနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် NRFF က ယခုလို တိုက်တွန်းထားခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် မွန်နိုင်ငံရေးအတွင်း ဝိဝါဒကွဲပြားမှုကြောင့် မွန်လူငယ်များ မတူညီသည့် တော်လှန်ရေးနယ်မြေများထံ ပြန့်ကျဲရောက်ရှိခဲ့ကြပြီး မွန်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် မွန်လွတ်မြောက်ရေးတိုက်ပွဲများသည် ရေဆန်လှော်တက်သကဲ့သို့ ခရီးမတွင်ဖြစ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် စစ်ကောင်စီက အင်အားချိနဲ့ဆုံးအချိန်ဖြစ်သည့်နည်းတူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေး၊ နိုင်ငံရေး တိုးတက်ပြောင်းလဲမှု အရှိန်အဟုန် ဖြစ်ပေါ်လျက်ရှိသည်။
စစ်အုပ်စုက ၎င်းတို့၏ အာဏာရှင်စနစ် ဆက်လက်အမြစ်တွယ်စေရေးအတွက် တစ်ခုတည်းသောထွက်ပေါက်ဖြစ်သည့် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲကို အကောင်အထည်ပေါ် ဖြစ်မြောက်လာစေရန် ကြိုးပမ်းနေသည့်အပေါ် မွန်လူငယ်များအားလုံး ဆန့်ကျင်သွားကြရန် NRFF တိုက်တွန်းထားသည်။
၎င်းပြင် မွန်လူငယ်များအားလုံး မွန်ပြည်လွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်ခွင့်အတွက် မွန်တော်လှန်ရေးအင်အားစုများတွင် တတ်စွမ်းရာကဏ္ဍမှ ထဲထဲဝင်ဝင် တိုက်ပွဲဝင်သွားကြရန်နှင့် မွန်တို့၏ လူမျိုးစုနှင့် အမျိုးသားရေးအယူအဆအတွင်း တိုးဝင်အမြစ်တွယ်လာသည့် အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒကို တွန်းလှန်ပြီး လွတ်လပ်သော မွန်ပြည် တည်ဆောက်သွားရန်လည်း တိုက်တွန်းထားသည်။
ရှေးယခင်သင်ခန်းစာများကို နည်းယူပြီး မွန်နိုင်ငံရေးကို စစ်အုပ်စု၏ ပျားရည်စိမ် ဖက်ဒရယ် လှည့်ကွက်အတွင်း ကျရောက်မသွားစေရန် မွန်လူငယ်များအားလုံး ဆန့်ကျင်လုပ်ဆောင်သွားကြရန်လည်း NRFF တိုက်တွန်းထားသည်။
၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ခေတ်ပညာတတ်မွန်လူငယ်များ စုဖွဲ့ကာ မွန်လူငယ်ညီလာခံတစ်ရပ် ကျင်းပခဲ့ခြင်းကိုအစွဲပြုပြီး ၂၀၁၂ ခုနှစ်တွင် ကျင်းပသော မွန်လူငယ်များတွေ့ဆုံပွဲမှ စတင်ကျင်းပခဲ့သည့် မွန်လူငယ်များနေ့သည် ယခုအခါ ၁၃ ကြိမ်မြောက်ခဲ့ပြီးဖြစ်သည်။
စစ်တပ်အာဏာမသိမ်းခင်က မွန်လူငယ်များနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပလာခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း မွန်လူငယ်များနေ့ကို ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။
“အရင်နှစ်တွေဆိုရင် မွန်လူငယ်များနေ့အခမ်းအနားမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။ လူဘယ်လောက်ပဲ ဖြစ်ဖြစ် စုဝေးခွင့်ရှိတယ်။ မွန်လူငယ်များနေ့လုပ်လို့ အကျိုးကျေးဇူးကြီးကြီးမားမား မတွေ့သေးဘူးဆိုပေမဲ့ လူငယ်တွေက နိုင်ငံရေး၊ အမျိုးသားရေးအတွက် စိတ်ဝင်စားမှု အားသန်လာတယ်။ မွန်နိုင်ငံရေးနယ်ပယ်ထဲမှာလည်း လူငယ်တွေ ပါဝင်လာနိုင်ခဲ့တယ်။ ဒီနောက်ပိုင်းမှာတော့ နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေ ပိတ်ပင်ခံထားရတယ်။ မွန်လူငယ်တွေလည်း ဟိုတစ်စ ဒီတစ်စ ဖြစ်လာတယ်။ အချို့က ပြည်ပရောက်တယ်။ အချို့ကလည်း လွတ်မြောက်နယ်မြေမှာပေါ့။ ပြည်တွင်းမှာတော့ အနည်းငယ်သာ ကျန်ပါတော့တယ်။ အခုကလည်း လူငယ်တွေ အများကြီးနဲ့ စုဝေးပြီး မွန်လူငယ်များနေ့ကို လုပ်ဆောင်မယ်ဆိုရင်လည်း အဆင်မပြေတော့ဘူး။ အရင်ကလို အနှစ်သာရ မရှိတော့ပါဘူး” ဟု တော်လှန်ရေးနယ်ပယ်ရောက် မွန်လူငယ်တစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် မွန်လူငယ်များအပါအဝင် တစ်နိုင်ငံလုံးရှိ လူငယ်များ ပြည်ပထွက်ခွာလာသူများရှိသလို တော်လှန်ရေးနယ်မြေသို့ ထွက်ပြေးတိမ်းရှောင်လာသူလည်း အများအပြားရှိခဲ့သည်ဟု ပြည်ပရောက် မွန်လူငယ်တို့က ပြောသည်။
“စစ်အာဏာသိမ်းပြီးနောက် လူငယ်တွေအတွက် ထိခိုက်နစ်နာမှုတွေ အများကြီး ကြုံတွေ့လာရတယ်။ တစ်ချို့ဒေသတွေဆို လုပ်ငန်းတွေ ပိတ်သိမ်းရတယ်။ လူငယ်တွေက အလုပ်အကိုင်တွေ မရှိတော့ဘူး။ အလုပ်အကိုင်လည်း ရှားပါးလာတယ်။ အဲကြားထဲ ကုန်ဈေးနှုန်းကလည်း မြင့်တက်လာတယ်။ ဒါကြောင့် လူငယ်တွေက ပြည်တွင်းမှာ နေဖို့ အဆင်မပြေတော့ဘူး။ ပြည်ပကို အစုလိုက်အပြုံလိုက် ထွက်ရတယ်။ တစ်ချို့ကလည်း ဒေသတွင်းဖြစ်ပေါ်နေတဲ့ ပဋိပက္ခကြောင့် ပြည်ပကို ထွက်ခွာရတယ်။ တစ်ချို့ကလည်း တော်လှန်ရေးနယ်မြေဘက်ကို ခိုလှုံနေကြရတယ်။ မွန်လူငယ်များနေ့လုပ်ရင်တောင် တက်ရောက်နိုင်သူဦးရေကို လက်ချိုးရေတွက်လို့ ရတဲ့ အနေအထား ဖြစ်လာနေတယ်” ဟု မလေးရှားနိုင်ငံရောက် မွန်လူငယ်တစ်ဦးက ပြောသည်။
မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်နယ်အတွင်းက မွန်လူငယ်များသာမက ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ကရင်၊ တနင်္သာရီ အစရှိသည့် မွန်ဒေသမှ လူငယ်များ ပြည်ပရောက်မွန်လူငယ်များနှင့် ဖိတ်ကြားထားသည့် ဧည်သည်တော်များ သောင်းနှင့်ချီကို ကွင်းပြင်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။