Homeသတင်းသံဖြူဇရပ်မြို့ နှစ် ၁၅၀ ပြည့်အခမ်းအနားအတွက် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်ထား

သံဖြူဇရပ်မြို့ နှစ် ၁၅၀ ပြည့်အခမ်းအနားအတွက် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်ထား

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် ၁၅၀ ပြည့်အခမ်းအနားမတိုင်ခင် မြို့အဝင်အထွက်နှင့် မြို့အနှံ့တို့တွင် စစ်ကောင်စီက လုံခြုံရေး တိုးမြှင့်ထားကြောင်း သံဖြူဇရပ်မြို့ခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက မြို့တွင်း လုံခြုံရေး ကြပ်မတ်ထားပြီး အဓိက သံဖြူဇရပ်မြို့အဝင်၊ အထွက်စစ်ဆေးရေးဂိတ်တို့တွင် ပုံမှန်ထက် စစ်သားအင်အား အများအပြားဖြင့် ချထားပြီး နယ်ခံမဟုတ်သူများကို စစ်ဆေးမေးမြန်းမှု ပိုမိုလုပ်ဆောင်နေသည်ဟု မြို့ခံနှင့် ခရီးသွားလာသူတို့ထံမှ သိရသည်။

လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ပွဲမတိုင်မီ ထိတ်လန့်စရာကိစ္စရပ်ဖြစ်လာမည်ကို စိုးရိမ်နေရသည်ဟု သံဖြူဇရပ်မြို့ခံတစ်ဦးကပြောသည်။

“ပွဲအတွက်မြို့လယ်ပန်းခြံမှာ လုံခြုံရေး ပိုချထားတာ ၃/၄ ရက်တော့ တွေ့နေရတယ်။ လမ်းကြို၊ လမ်းကြားတွေမှာလည်းရှိတယ်။ ပွဲပြင်ဆင်သူတွေအနားတော့ သူတို့လုံခြုံရေးပေးနေတယ်။ အဓိကတော့ မြို့အဝင်၊ အထွက်ဂိတ် ဖောင်စိန်ဂိတ်တွေဆို သူတို့လူ အရင်ကထက်ပိုများတာပေါ့နော်။ ပွဲမဖြစ်ခင် တစ်ခုခုထိတ်လန့်စရာ ဖျက်စီးခံရမှာ စိုးနေရတယ်။ မြို့လယ်မှာ စစ်ဆေးတာတော့မလုပ်ဘူး။ အခြားနေရာထက်စာရင် ပွဲနေရာနဲ့ သူတို့ ရဲစခန်းက ကပ်လျက်ပဲဆိုတော့ သူတို့ လူတွေချည်းပဲလေ။ လုံခြုံရေးက ယူထားပြီးသားဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။

သံဖြူဇရပ်မြို့တည်ထောင်ခြင်း နှစ် ၁၅၀ ပြည့်အထိမ်းအမှတ်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၇ ရက်မှ ၃၁ ရက်နေ့အထိ မြို့လယ်ပန်းခြံတွင် စည်စည်ကားကား ကျင်းပသွားမည်။

မြို့တည်ထောင်ခြင်း နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ စစ်ကောင်စီ၏ ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်တက်ရောက်မည်ဖြစ်ပြီး၊ အခမ်းအနားပြင်ဆင်နေချိန်ကတည်းက စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်အများအပြားဖြင့် လုံခြုံရေးယူထားကြသည်ဟု မြို့တွင်သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

“ပွဲပြင်ဆင်တဲ့သူတွေအတွက် သူတို့ လုံခြုံရေး ယူပေးတယ်။ ၂၇ ရက်နေ့ဆိုစပြီးလေ ကျိုက္ခမီဘက်ကရော၊ ကျုံကဒတ်ဘက်တွေရောပဲ တစ်ရွာဆို တစ်ရက်ပေါ့။ ကတဲ့အစီအစဉ်တွေက ရွာတိုင်းလိုလို ကလေးတွေကို ခေါ်ထားတာများတယ်။ ကလေးတွေပါရင် မိဘတွေလည်းပါလာမှာပဲ လူများစေအောင်လို့ပဲ။ လူများရင်တော့ အပြင်အဖွဲ့ ဝင်ဖျက်လို့မလွယ်ဘူး” ဟု အထက်ပါမြို့ခံက ဆိုသည်။

မြို့တည်ထောင်ခြင်း နှစ် ၁၅၀ ပြည့်အထိမ်းအမှတ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ တေးဂီတနှင့် ကပြဖျော်ဖြေပွဲများစသဖြင့် စည်ကားအောင် ကျင်းပမည်ဖြစ်ပြီး အထူးသဖြင့် မြို့နယ်အတွင်းရှိ ကလေးများ၏ ကပြဖျော်ဖြေမှုတို့ကို ကျင်းပရန် စစ်ကောင်စီဘက်က စီစဉ်ထားသည်။

အဆိုပါအထိမ်းအမှတ်ပွဲတော်အတွက် ငွေကျပ်သိန်း ၁၀၀၀ အထိ ကုန်ကျခံမည်ဟု ခန့်မှန်းထားကြပြီး လိုအပ်သည့်ငွေကြေးပမာဏကို မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များထံ ကောက်ခံသွားလျက်ရှိသည်။

၎င်းပြင် လတ်တလောတွင် သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာဘက်တွင်လည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခု ထပ်တိုးထားပြီး၊ ကုန်တင်ကားများနှင့် ခရီးသွားများကို အခွန်ကောက်ခံနေကြောင်း ဒေသတွင်းသတင်းအရင်းမြစ် ထံမှသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts