spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းတပ်တွင်းစည်းလုံးမှုရှိရန် စစ်ခေါင်းဆောင် တပ်တလဲလဲသတိပေးနေရ

    တပ်တွင်းစည်းလုံးမှုရှိရန် စစ်ခေါင်းဆောင် တပ်တလဲလဲသတိပေးနေရ

    -

    ခေတ်အဆက်ဆက် တစ်သွေး၊ တစ်သံ တစ်မိန့်ဖြင့် အုပ်ချုပ်လာခဲ့သည့် မြန်မာစစ်တပ်သည် တပ်တွင်းစည်းလုံးမှုရှိရေး စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ထပ်တလဲလဲ သတိပေးပြောဆိုနေရသည်။

    ဒီဇင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့ မှော်ဘီစစ်သင်တန်းကျောင်းတွင် ကျင်းပသည့် အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် တပ်တွင်းစည်းလုံးမှုရှိရေး စစ်ခေါင်းဆောင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    စစ်သားနှင့် စစ်သားမိသားစုများ စည်းလုံးရေးအပြင် တပ်ပြင်ပ စည်းလုံးရေးအတွက်ပါ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့သည်။

    စစ်ကောင်စီတပ်ကို စွန့်ခွာလာမည့်သူများကို ကူညီကယ်ထုတ်ပေးနေသူတစ်ဦးက “စစ်တပ်ထဲမှာက ဒါမျိုးကို နေ့တိုင်းနီးပါးပြောနေရတာ။ တပ်ရင်းမှူးကအစ နေ့တိုင်း ပြောရတယ်။ တပ်တွင်းစည်းလုံးဖို့ တပ်ကနေ မပြေးအောင် ပျော်အောင်ထားနေရတယ်။ ဟိုးအရင်က စစ်တပ်က အရမ်းစည်းကမ်းတင်းကြပ်တယ်လေ။ အခုက တော်ရုံအမှုလောက်ဆို မမြင်ချင်ယောင်ကိုဆောင်ပေးထားတာ” ဟု ပြောသည်။

    စစ်ခေါင်းဆောင်ကိုယ်တိုင် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပဲ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တက်ရောက်ခဲ့သည့် စစ်တပ်မိသားစုဝင်များနှင့် တွေ့ဆုံပွဲများ၊ စစ်ကောင်စီတပ်သားများ၏ သင်တန်းဆင်းပွဲအခမ်းအနားများ စသည်တို့တွင်လည်း “တပ်တွင်းစည်းလုံးရေး” ဆိုသည့်စကားကို မကြာခဏပြောဆိုနေရသည်။

    ယခုနှစ် တပ်မတော်နေ့အခမ်းအနားတွင်လည်း စစ်ခေါင်းက “ပြည်ပကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးအင်အားစုတွေဟာ ဒို့တပ်မတော်ကို ပြိုကွဲအောင် ဖြိုခွဲဖို့ ပြည်တွင်းပြည်ပမှ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေကြတာ ဖြစ်တဲ့အတွက် ကျစ်လျစ်ခိုင်မာတဲ့ တပ်တွင်းစည်းလုံးညီညွတ်ရေး အမြဲရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်” ဆိုပြီး ထည့်သွင်းပြောဆိုခဲ့သေးသည်။

    စစ်ကောင်စီသည် မြို့ကြီးများ၊ တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်းဌာနချုပ်များကို လက်လွှတ်ခဲ့ရသည့် ဖြစ်စဉ်များသည် တပ်တွင်း၌ပင် မဖုံးနိုင် မဖိနိုင် ဖြစ်လာရသည်။

    စစ်တပ်အကြီးစားထောက်ခံသူများကပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် လက်ရှိအခြေအနေအား မကိုင်တွယ်နိုင်ပါက လူစားလဲပေးရန် ပြောဆိုမှုများလည်း ရှိလာသည်။

    “အာဏာသိမ်းစကတည်းက သူတို့နိုင်နေတယ်ဆိုတာကို တောက်လျှောက် ဝါဒဖြန့်ခဲ့တာလေ။ အခု အရှုံးတွေက မျက်ဝါးထင်ထင်မြင်လာကြရတော့ အကုန်လုံးက တုန်လှုပ်နေကြပြီ။ တပ်ရင်းမှူးတွေကလည်း စစ်မတိုက်ချင်ကြတော့ဘူး။ အောက်မှာ ဖြစ်နေတာတွေက အထက်က မစာမနာနဲ့ စစ်ပဲ တိုက်ခိုင်းနေတော့ တပ်ရင်းမှူးတွေကလဲ အထက်ကို မကြည်တော့ဘူး” ဟု မကြာခင်ကမှ ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိလာသည့် CDM စစ်ကောင်စီတပ်သားတစ်ဦးက ပြောသည်။

    တပ်ပြေးများလာသည့်အတွက် စစ်ခေါင်းဆောင်များကိုယ်တိုင်ပင် မိမိတပ်သားများအပေါ် အယုံအကြည် နည်းလာပြီး စစ်သား၊ စစ်သားမိသားစုဝင်များကို လွတ်လပ်စွာ ခရီးစွားလာခွင့်မပြုသလို မှတ်ပုံတင်များကိုပင် သိမ်းဆည်းထားသည်။

    တိုက်ပွဲတွင် ပိတ်မိနေပါကလည်း အရာရှိစစ်သည်တို့က လက်အောက်ငယ်သားများကို ထား၍ ကိုယ်လွတ်ရုန်းကြသည်။

    ၎င်း​ပြင် စစ်ကောင်စီ၏ လုပ်ထုံးလုပ်ရိုးအရ အရာရှိ တစ်ဦးနှင့်တစ်ဦး ပြန်လည်စောင့်ကြည့်ခိုင်းသည့် စနစ်ကြောင့် တပ်တွင်းစည်းလုံးမှုသည် နှုတ်ဖျား၌သာ ရှိကြောင်း စစ်တပ် CDM အသိုင်းအဝိုင်းက ဝေဖန်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks