spot_img
Tuesday, December 24, 2024
More
    spot_img
    Homeသတင်းလောင်းလုံတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

    လောင်းလုံတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း လောင်းလုံးမြို့ခံတို့ထံမှ သိရသည်။

    လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က ဒီဇင်ဘာလ ၂၃ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

    တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအပြင် ရေကြောင်းမှလည်း လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

    “မနေ့ကတည်းဖြစ်နေတာ ဒီနေ့လည်း ဖြစ်နေတယ်။ ၁၁ နာရီကျော်လောက်ကဆို ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့သေးတယ်။ သူတို့တပ်စခန်းမှာတော့ အင်အား ၃၀ လောက်ပါပဲ။ မြေပြင်ကနေစစ်ကူပို့ဖို့ ဝင်လို့မလွယ်ဘူး။ စစ်သင်္ဘောကနေ ပစ်ကူတာတွေကတော့ လုပ်တယ်။ အဲ့ရွာနားက ဒေသခံတော်တော်များများက အရင်ကတည်းက တိမ်းရှောင်နေပြီးသားပဲ အခုက ကျောက်နီမော်ရွာထဲကလူတွေလည်း ထွက်ပြေးလာကြတယ်။ ရာချီတော့ရှိတယ်” ဟု ၎င်းက ပြောသည်။

    တိုက်ပွဲကြောင့် ကျောက်နီမော်အပါအဝင် အနီးနားရှိ အောက်ကျောက်ဝပ်၊ ကျောက်ဝပ်ပြည်၊ ညောင်ပြင်နှင့် ဇလွတ် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    ယနေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် မြိတ်လေတပ်မှ K-8 W ဂျက်ဖိုက်တာလေယာဉ်တစ်စင်းက ကျောက်နီမော်ကျေးရွာအတွင်း ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးနှစ်လုံး ကြဲချခဲ့ကြောင်း လူထိခိုက်သေဆုံးမှုရှိနေကြောင်း သိရသည်။

    တိုက်ပွဲဖြစ်ပွားရာနေရာတွင် စစ်ကောင်စီက ဖုန်းလိုင်း ဖြတ်တောက်ထားသည့်အတွက် ထိခိုက်မှုအခြေအနေကို အတည်ပြုရန် အခက်အခဲရှိနေသည်။

    လောင်းလုံဒေသခံတစ်ဦးက “လေကြောင်းနဲ့ စစ်သင်္ဘောတွေကနေ ဆက်တိုက်ပစ်ခတ်တာတွေကြောင့် ရွာကလူတွေ အများစုက အိမ်ကနေ ထွက်ပြေးသွားကြတယ်။ တချို့က အနီးအနာရွာဆီကို ရောက်တယ်၊၊ တချို့တွေက ဘေးလွတ်ရာတွေရှာပြီး ထွက်ပြေးနေကြရတယ်” ဟု ပြောသည်၊၊

    လောင်းလုံမြို့နယ်ရှိ ဒေသခံများ လေကြောင်းအန္တရာယ် ကာကွယ်ရေးအစီအမံများ ကြိုတင်ပြင်ကြရန်လည်း လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၂၃ ကပင် အထူးသတိပေးချက် ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလက စစ်တပ်မှ နယ်မြေစိုးမိုးမှုပြန်လည်ရရှိရေးအတွက် ပုလော၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်တို့တွင် ရက်ရှည်စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

    တနင်္သာရီတိုင်းအတွင်း တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုဝင်ဘာလတွင် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ရသူ ၆၈၀၀၀ ကျော်အထိ ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,400SubscribersSubscribe
    spot_img

    Latest posts