Home သတင်း အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရာတွင် မြန်မာသံရုံးမပါရေး ထိုင်းလွှတ်တော်ထံ တောင်းဆို

အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရာတွင် မြန်မာသံရုံးမပါရေး ထိုင်းလွှတ်တော်ထံ တောင်းဆို

အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရာတွင် မြန်မာသံရုံးမပါရေး ထိုင်းလုပ်ငန်းရှင်များနှင့် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့က လွှတ်တော် အလုပ်သမားရေးရာကော်မတီထံ တောင်းဆိုထားသည်ဟု အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း Labour Rights Foundation ထံမှ သိရသည်။

ဓါတ်ပုံ – အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF နှင့် ထိုင်းအလုပ်သမားဝန်ကြီးတို့ တွေ့ဆုံစဉ်

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ ထိုင်းနိုင်ငံ ကက်ဘိနက်အစည်းအဝေး ဆုံးဖြတ်ချက်အရ လာမည့် ၂၀၂၅ ခုနှစ် ဖော်ဖော်ဝါရီလ ၁၃ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် ၄ နိုင်ငံမှ အလုပ်သမားများ MOU စနစ်ဖြင့်သာ သက်တမ်းဆက်ရမည်ဟု ကြေညာထားသည်။

MOU လုပ်ငန်းစဉ်အတိုင်း သက်တမ်းတိုးမည့်အပေါ် အလိုမရှိသည့်အပြင် မြန်မာအလုပ်သမားတို့၏ အခွန်အခကို မြန်မာသံရုံးထံ ငွေစီးဆင်းမှုမရှိလိုကြောင်း၊ ကိုယ်ရေးရာဇာဝင်အချက်အလက်များကို မပေါက်ကြားလိုကြောင်း စသည့်အချက်များကို မြန်မာအလုပ်သမားတို့က အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတို့ထံ တင်ပြဆွေးနွေးခဲ့သည်ဟု LRF(Labour Rights Foundation) အဖွဲ့မှ ဦးအောင်ကျော်က ပြောသည်။

“အဓိက ဦးတည်ချက်ကတော့ ဒီဘက်က လုပ်ငန်းစဉ်တွေကို ဒီနိုင်ငံမှာရှိတဲ့အစိုးရကသာ လုပ်ပေးဖို့၊ နောက်ပြီး အလုပ်သမားတွေဆီက အခွန်အခတောင်းခံတာတို့၊ အလုပ်သမားတွေရဲ့ ကိုယ်ရေးရာဇာဝင် အချက်အလက်တွေ တောင်းခံတာတို့ ဒါတွေက လူ့အခွင့်အရေးနဲ့ကြည့်ရင် လုံးဝမသင့်တော်ဘူး ဒါတွေကို မူလအတိုင်း လုပ်ဆောင်ပေးဖို့ တောင်းဆိုထားတယ်” ဟု ၎င်းက ဆိုသည်။

တစ်ဖက်နိုင်ငံမှ ပါဝင်ပတ်သတ်ရန် မလိုသည့် သက်တမ်းတိုး လုပ်ငန်းစဉ်တို့ကို ထိုင်းနိုင်ငံ အစိုးရဘက်မှဆောင်ရွက်ပေးရန် အလုပ်သမားများ အလိုရှိနေကြကြောင်းလည်း ၎င်းက ဆက်ပြောသည်။

၎င်းပြင် ထိုင်းအလုပ်ရုံအချို့ မြန်မာအလုပ်သမားတို့၏ အခက်အခဲကိုမကြည့်ဘဲ စာရွက်စာတမ်းကြေးကို ဘတ် ၉၀၀၀ မှ ၁၅၀၀၀ ထိ တောင်းခံမှု ရှိနေသည့်အပေါ် အလုပ်သမားနှင့် အလုပ်ရှင် စုပေါင်းညှိနှိုင်းပြီး သာမန်ကုန်ကျစရိတ် ဘတ် ၅၉၀၀ ဝန်ကျင်အတိုင်း ကုန်ကျနိုင်ရေး နှစ်ဖက်ညှိနှိုင်းကြရန်လည်း LRF(Labour Rights Foundation) ၏ စာမျက်နှာတွင် ထုတ်ပြန်ထားသေးသည်။

သို့သော် လက်ရှိအချိန်ထိ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရန် ကြိုတင်ဆောင်ရွက်ထားရမည့် လုပ်ငန်းစဉ် စာရွက်စာတမ်းကိစ္စ တစ်စုံတစ်ရာ တိတိကျကျ ကြေညာထုတ်ပြန်ထားခြင်း မရှိသေးပေ။

အလားတူ မြန်မာအလုပ်သမားများ ပန်းရောင်ကဒ်အသစ် ပြုလုပ်ရာတွင် နိုင်ငံတော်မှ သတ်မှတ်ထားသည့် နှုန်းထားထက် အဆပေါင်းများစွာ ကျော်လွန် ကောက်ခံနေသူတို့ကိုလည်း စနစ်တကျ စိစစ်ပြီး ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးရန်လည်း လွှတ်တော် အလုပ်သမားရေးရာကော်မတီထံ ထည့်သွင်းတောင်းဆိုထားကြောင်းလည်း ဆိုသည်။

“အလုပ်သမားတွေ အဆိုးဆုံးကြုံနေရတဲ့ လက်ရှိကိစ္စက သက်တမ်းတိုးခြင်းနဲ့ အသစ်ပြုလုပ်ပေးတဲ့ ပန်းရောင်ကဒ်ကိစ္စပေါ့။ သတ်မှတ်ထားတဲ့ နှုန်းထားထက် အဆပေါင်းများစွာ ကောက်ခံနေရတဲ့ အလုပ်သမားတွေရဲ့ ဝန်ထုတ်ဝန်ပိုးကိစ္စအပေါ် စိစစ်ပေးဖို့ အဲဒါတွေလည်းပါပါတယ်” ဟု ဦးအောက်ကျော်က ပြောသည်။

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ၂ သန်းခန့်ရှိကြောင်း ယခင်က ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ အေဂျင်စီများ၊ စက်ရုံများ၊ အလုပ်ရှင်များက အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်ပြုလုပ်ခြင်းအပေါ် ငွေကြေးအဆမတန် ကောက်ခံနေခြင်းကြောင့် ကုန်ကျစရိတ်လျှော့ချပေးရေး ဆန္ဒပြတောင်းဆိုမှုလည်း ဆက်တိုက်ဖြစ်ပေါ်နေသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.