spot_img
Friday, December 20, 2024
More
    spot_img
    Homeသတင်းရခိုင်မှာ စစ်ကောင်စီ အလုံးစုံချုပ်ငြိမ်းရေး ဖြစ်လာနိုင်မလား

    ရခိုင်မှာ စစ်ကောင်စီ အလုံးစုံချုပ်ငြိမ်းရေး ဖြစ်လာနိုင်မလား

    -

    ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ် အလုံးစုံချုပ်ငြိမ်းရေး ဖြစ်လာလိမ့်မည်ဟု စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်သူတို့က သုံးသပ်ပြောဆိုသည်။

    ရခိုင်ဒေသတွင်း ပြည်သူလူထုနှင့် အာရက္ခတပ်တော် AA ၏ အဓိကရည်မှန်းချက်ဖြစ်သည့် ရခိုင်ဒေသ စစ်ကောင်စီတပ် အလုံးစုံချုပ်ငြိမ်းစေရေးကို ဆက်လက် အကောင်အထည်ဖော်လျက်ရှိကြောင်း ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်တွင် AA က ထုတ်ပြန်ထားသည်။

    အာရက္ခတပ်တော်၏ စစ်ကောင်စီ ကင်းစင်ရေး ရည်မှန်ချက်အပေါ် ရခိုင်ပြည်သူများ ပူးပေါင်းပါဝင်မှု အားကောင်းကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

    “AA ရဲ့ တပ်တော်ကနေပြီးတော့ တပ်မှူးချုပ်ပြောထားတာလည်း ရှိတယ်။ သူလုပ်စရာရှိတဲ့ အလုပ်ကိုတော့ သူလုပ်မှာပဲ။ အင်္ဂါဂြိုလ်က လာဆင်းတားရင်လည်း မရဘူးဆိုတဲ့ဟာမျိုးတွေ၊ သူက စကားကုန်အောင် ပြောထားပြီးပြီလေ။ နောက်ပြီးတော့ ပြည်သူတစ်ရပ်လုံးကလည်း ဒါကို လက်ခံတယ်။ ပူးပေါင်းပါဝင်မှုလည်း အားကောင်းတယ်။ အဲဒါကြောင့် အခုက အရမ်းကို ရခိုင်ပြည်သူ‌တွေက စိတ်တက်ကြွနေတယ်။ ပူးပေါင်းမှု အားကောင်းတယ်။ တပ်တော်ကလည်း ပြည်သူတွေ လိုအပ်ချက်ရှိတဲ့ဟာကို သူတို့ မဆုတ်မနစ် လုပ်ပြီးတော့ သူတို့လည်း ပေးဆပ်မှု များစွာနဲ့ပေါ့။ အရယူနေတာ ဖြစ်တယ်။ ဖြစ်လာမှာပါ” ဟု ၎င်းက ပြောသည်။

    ရခိုင်ပြည်နယ်‌ မောင်တော်မြို့၏ အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ-၅ စခန်းကို အပြီးသတ် သိမ်းပိုက်ပြီး မောင်တောဒေသတစ်ခုလုံးကို အလုံးစုံထိန်းချုပ်ထားကြောင်း AA က ဒီဇင်ဘာလ ၁၀ ရက်က သတင်းထုတ်ပြန်ထားသည်။

    ရခိုင်ပြည်နယ် လွတ်မြောက်ရမည်ဆိုသည့် စိတ်ဓါတ်က ပြင်းထန်နေပြီး AA နှင့် ရခိုင်လူထု တစ်သားတည်း ရှိနေခြင်းကြောင်း ရခိုင်မြေပေါ် စစ်ကောင်စီ အလုံးစုံချုပ်ငြိမ်းရေး ဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။

    ဦးကြီးမြင့်က “ဖြစ်နိုင်တာပေါ့။၊ ၁၀၀ ရာခိုင်နှုန်းဖြစ်နိုင်တယ်။ အဓိက စိတ်ဓါတ်ပဲ။ ငါတို့ ရခိုင်ပြည်နယ် လွတ်မြောက်ရမယ်ဆိုတဲ့ စိတ်ဓါတ်က အရမ်းပြင်းထန်နေတယ်။ စိတ်ဓါတ်ပြင်းထန်မှ ရမယ်လေ။ NUG က စိတ်ဓါတ်မပြင်းထန်ဘူး။ အာဏာပြန်ရဖို့ပဲ လုပ်နေတာ စစ်အာဏာရှင်ဖြုတ်ချဖို့ အဲဒီလောက် စိတ်ဓါတ်အားမတန်ဘူး။ NGO ပုံစံလုပ်နေတာ။ NGO တော်လှန်ရေး လုပ်နေတာ။ သူတို့ ကြီးပွားတယ်။ သူတို့ အဆင်ပြေတယ်။ ပြည်သူ ပြည်သားတွေ အဆင်မပြေဘူး။ ရခိုင်က အဲဒီလို မဟုတ်ဘူး။ အားလုံးပဲ ကောင်းတူ၊ ဆိုးဖက် တိုက်နေတာ၊ သူတို့က ပြနိုင်တယ်လေ။ နယ်မြေတွေ သိမ်းထားပြီ ပြနိုင်တယ်။ ငါတို့က မပြနိုင်ဘူး။ အဲဒါကြောင့် ရခိုင်ကို သွားစိတ်ပူမနေနဲ့ ရခိုင်က လွတ်မြောက်သွားမှာ” ဟု ပြောသည်။

    ရခိုင်ပြည်နယ်အတွင်း AA က တစ်မြို့ပြီး တစ်မြို့ သိမ်းလာနေသည့်အပေါ် ပြည်သူလူထုက ဝမ်းသာကြကြောင်း အမ်းဒေသခံတစ်ဦးက ပြောသည်။

    “ရခိုင်တော်လှန်ရေးသည် ရခိုင်မြေထဲမှာ အောင်မြင်မှုရရှိဖို့ စစ်ကောင်စီ ကင်းရှင်းတဲ့ နယ်မြေဖြစ်ရမယ်လို့ ကြွေးကြော်ခဲ့တဲ့အပြင် တစ်မြို့ပြီး တစ်မြို့ သိမ်းလာတယ်ပေါ့နော်။ အဲဒီလို သိမ်းလာတဲ့အပေါ်မှာလည်း ပြည်သူလူထုက အားရ ဝမ်းသာရှိကြတယ်။ စခန်းတစ်ခုကို သိမ်းလိုက်ပြီဆိုရင်တော့ အတိုင်းအဆမရှိ ဝမ်းသာကြတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဘယ်နေရာမှာ ဘယ်လောက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတက်လာရင် ပြည်သူတွေက အားရှိတယ်။ အဲဒါကြောင့် ရခိုင့်တပ်တော်ကနေပြီး စစ်ကောင်စီ ကင်းရှင်းနယ်မြေဖြစ်ရမယ်ဆိုတဲ့အပေါ်မှာ ပြည်သူတွေက အမျိုးမျိုး မျှော်မှန်းထားတယ်” ဟု အမ်းဒေသခံက ပြောသည်။

    လက်ရှိတွင်လည်း AA သည် စစ်ကောင်စီ၏ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ အများအပြား လက်နက်ချ အညံ့ခံလျက်ရှိနေသလို နပခဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်ဂွင် (တိုင်းစစ်ရုံး) ထဲမှ အနည်းငယ်သော နေရာအချို့သာ ကျန်ရှိတော့ကြောင်း ဒီဇင်ဘာ ၁၈ ရက်က AA က ထုတ်ပြန်ထားသည်။

    အခြားတစ်ဖက်တွင်လည်း နယ်မြေအများအပြား သိမ်းပိုက်ရရှိထားသည့် AA နှင့် ညီနောက်မဟာမိတ်ဖွဲ့ထားသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့များကို တရုတ်က ဖိအားပေးလျက်ရှိသည်။

    သို့သော် ရခိုင်ပြည်နယ်၏ အနေအထားသည် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မတူဘဲ သီးခြားဖြစ်နေခြင်းကြောင့် တရုတ်ဖိအားထက် အပေးအယူဖြင့် လုပ်ဆောင်လာနိုင်ကြောင်း ဦးမျိုးကျော်က သုံးသပ်သည်။

    “ဖိအားပေးဖို့အတွက် ကျနော်တို့ ရခိုင်ပြည်ရဲ့ အနေအထားက ရှမ်းအရှေ့တို့ မြန်မာနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မတူဘူးလေ။ ကျနော်တို့က သီးခြားလေ။ ကြားမှာ ဒီပြည်ထောင်စု နယ်မြေကြီးတစ်ခုက ခံနေတယ်လေ။ ကျနော်တို့က သီးခြားဖြစ်တယ်။ ဒါပေမဲ့ တရုတ်ကနေပြီးတော့ မဟာဗျူဟာအရ ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်၊ တံခါးပေါက်မှာ ကျနော်တို့က တည်နေတာ ဖြစ်တယ်။ ဒီအချိန်မှာမှ ဖိအားပေးတယ်ဆိုတာထက် အပေးအယူက ဘယ်လိုညှိကြမလဲ၊ ဒါကိုပဲ ကျနော်က အဲဒီလိုမြင်တယ်လေ။ အကယ်၍ သူက AA နဲ့လည်း အပေးအယူ လုပ်ရမှာဖြစ်သလို တစ်ဖက်မှာရှိတဲ့ စကစပေါ့နော်၊ သူတို့ကတော့ ဘာပဲဖြစ်ဖြစ် တရားဝင်ဝင် မဝင်ဝင် သူတို့ကိုင်ထားတော့ သူတို့နဲ့လည်း အပေးအယူ လုပ်ရမှာပဲ၊ အဲဒီအပေးအယူအပေါ်မှာ မူတည်ပြီးမှသာ ရှေ့ဆက်သွားလို့ ရမယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။

    လက်ရှိတွင် အာရက္ခတပ်တော် AA သည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ရရှိထားပြီး၊ ဂွမြို့နယ်အတွင်း AA နှင့် စစ်ကောင်စီ ဆက်လက်တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်။

    ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ အလုံးစုံကင်းစင်ရေး AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသလို ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ၊ တရုတ်အကျိုးစီးပွားရှိရာ ကျောက်ဖြူနှင့် မာန်အောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,300SubscribersSubscribe
    spot_img

    Latest posts