မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး ကွမ်ကျိုက်ကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားချက်အရ သိရသည်။
မော့ကနင်ကျေးရွာအနီးရှိ ကွမ်ကျိုက်ကျေးရွာတွင် ခလရ-၁၀၆ နှင့် ခမရ-၅၈၇ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် စုစုပေါင်း ၄ ဦး သေဆုံးပြီး၊ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။
၎င်းပြင် စစ်ကောင်စီတပ်ထံမှ MA2 တစ်လက်၊ 5.56 ကျည် ၇၀၀ တောင့်၊ ကျည်ဘောက် ၅ ခု၊ ၆၀ မမ ကျည် တစ်လုံး၊ ရှေ့ထွက်မိုင်း၊ နင်းမိုင်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိပြီး တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
ထိုစခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။
ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ ကွမ်ကျိုက်ကျေးရွာအခြေစိုက် စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ KNLA တပ်ရင်း(၂၇)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP – AD) နှင့် YPDF တို့ ပါဝင်တိုက်ခိုက်ခဲ့သည်။