spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းအနန်းကွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

    အနန်းကွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရာသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းဗျူဟာတပ်စခန်းသို့ အင်အားဖြည့်တင်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးကာ၊ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    အနန်းကွင်းဗျူဟာတပ်စခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်နေသည့်အတွက် ရဲတံခွန်ကျေးရွာအနီးတစ်ဝိုက်တွင် တပ်စွဲအခြေချထားပြီး အနန်းကွင်းအနီးတစ်ဝိုက်ရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်း လှမ်းပစ်နေသည်ဟုလည်း ဆိုသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လည်အချိန်ခန့်က ရဲတံခွန်ကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီ စစ်ကြောင်းက ဝင်းထောင်းကျေးရွာနှင့် နန်းခွီကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    “အဲနေ့က(ဒီဇင်ဘာလ ၁၇ ရက်နေ့) နေလည် ၁ နာရီကျော်လောက်မှာ အနန်းကွင်းအနီးက ဝင်းထောင်းကျေးရွာနဲ့ နန်းခွီကျေးရွာဘက်ကို ရဲတံခွန်ကျေးရွာဘက်မှာ တပ်စွဲထားတဲ့ စကစစစ်ကြောင်းတွေကနေ လက်နက်ကြီးတွေ ပစ်ချလာတယ်။ အမျိုးသားတစ်ယောက်ကတော့ သေသွားတယ်။ ကျန်နှစ်ယောက်ကတော့ ပြတ်ရှဒဏ်ရာ ရသွားကြတယ်” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဝင်းထောင်းကျေးရွာနေ အသက် ၇၀ နှစ်အရွယ် ဦးအောင်ချစ် ထိမှန်သေဆုံးပြီး အသက် ၅၀ အရွယ် ဒေါ်မူးလင်းကြည်နှင့် အသက် ၅၃ နှစ်အရွယ် ဒေါ်ပကြည်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    တိုက်ပွဲပြင်းထန်နေသည့် အနန်းကွင်းဘက်သို့ သံဖြူဇရပ်မြို့နယ် ဝဲကလီအခြေစိုက် စစ်ကောင်စီတပ်ရင်းမှ တပ်ဖွဲ့ဝင်များ ရဲတံခွန်၊ စခန်းကြီးမှတဆင့် အနန်းကွင်းဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လေ့ရှိသလို အရှေ့တောင်တိုင်းစစ်ဌာနချူပ်မှလည်း စစ်ကူများ ပို့ဆောင်လျှက်ရှိသည်။

    သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် သြဂုတ်လလယ်ခန့်က ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲ စတင်ပြင်းထန်လာခဲ့သည်။

    လက်ရှိတွင် အနန်းကွင်းအနီးတစ်ဝိုက်ကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းတို့က အနန်းကွင်းဗျူဟာကုန်းအပါအဝင် အနီးတစ်ဝိုက်ရှိ ကျေးရွာများတို့တွင် လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေပြီး ထွက်ပြေးတိမ်းရှောင်ရသူဦးရေလည်း ပိုများလာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks