အင်အားကြီး မွန်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့ ပူးတွဲ စစ်ရေးလှုပ်ရှားမှု ပြုလုပ်သွားရန် သဘောတူကြောင်း ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည့် ပူးတွဲ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့တို့က စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က တော်လှန်ရေးနယ်မြေ တစ်နေရာတွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။
မွန်တော်လှန်ရေးတပ်များအားလုံးပါဝင်သည့် တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းရေးကို အကောင်ထည်ဖော်ရန် သဘောတူညီခဲ့ပြီး ပထမအဆင့် အနေဖြင့် တပ်ဖွဲ့(၄) ဖွဲ့မှ ပူးတွဲစစ်ရေး လှုပ်ရှားမှုများ ပြုလုပ်သွားရန် သဘောတူညီခဲ့ကြောင်း NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်စကားက ပြောသည်၊၊
“ကျနော်တို့က အာဏာရှင်ကို တိုက်ဖျက်သွားမဲ့လမ်းကြောင်းက တူတယ်၊၊ ပန်းတိုင်၊ ရည်မှန်းချက်ကတူပြီး စစ်အာဏာရှင်ကို တိုက်ဖျက်နိုင်မှ ကိုယ့်လူမျိုးလိုချက်တွေကို ဖြည့်ဆည်းနိုင်မယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရှိလာမယ်။ ဒါကြောင့် ကျွန်တော်တို့မွန်အနေနဲ့ ပူးပေါင်းတိုက်ပွဲဝင်မှ ပိုပြီး ထိရောက်မယ်၊၊ ကိုယ့်လမ်း၊ ကိုယ်သွားမယ် ကိုယ့်ပုံစံကို နေမယ်ဆိုတာက တစ်လမ်းတူတူသွားတာလောက် မထိရောက်နိုင်ဘူးလို့ သိရပြီးတော့ ဒီလိုတစ်စုတစ်စည်းတည်းဖြစ်ဖို့ စီစဉ်လာတယ်၊။ ဒီလိုဖြစ်လာတယ်” ဟု နိုင်ကောင်စကားက ပြောသည်။
မွန်တော်လှန်ရေးတပ်ဖွဲ့များကြား ပူးတွဲစစ်ရေးလှုပ်ရှားမှု သဘောတူညီမှုရရှိရန် ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့က မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့တို့မှ တာဝန်ရှိသူများ စတင်ဆွေးနွေးခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီချက် ရရှိလာခဲ့ခြင်းဖြစ်သည်။
ရှေ့ဆက်စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရာတွင် တော်လှန်ရေး နည်းဗျူဟာ၊ မဟာဗျူဟာကျကျဖြင့် တစ်စုတစ်စည်းတည်း လှုပ်ရှားသွားမည့်အပြင် နောင်တွင်လည်း မွန်တပ်တော်တစ်ခု တည်ဆောက်သွားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အုပ်ချုပ်ရေးကော်မတီဝင် ကာကွယ်ရေးဌာနမှူး နိုင်ဒင်းပလဟံသာက ဆိုသည်၊၊
“ပထမအဆင့်ပူးပေါင်းရေးက ရှိလာနေပြီ။ ဒုတိယအဆင့် ပူးပေါင်းရေးလည်း ရှိလာတော့မယ်၊၊ ပထမအဆင့်က မစ်ရှင်ကို အခြေခံပြီး မြို့နယ်အဆင့်လှုပ်ရှားမှုတွေ စလုပ်နေပြီး၊၊ အထူးသဖြင့် MSRF နှင့် NMSP-ADတ ို့ ပူးပေါင်းပြီ ရေးမြို့နယ်မြောက်ပိုင်းနဲ့ ရေဖြူတွေမှာ လှုပ်ရှားနေတယ်၊၊ ခုလည်း နောက်တစ်ဆင့်တက်နေပြီ။ မွန်တပ်လေးတပ်စလုံး အတူအကွ စစ်ကြောင်းထိုးသွားဖို့ရှိတယ်၊၊ အဲဒါပြီးမှ တပ်အားလုံးပူးပေါင်းပြီ မွန်တပ်တော်တစ်ခုအဖြစ် ဖွဲ့မယ်။ လောလောဆယ်တော့ အခြေအနေအရပ်ရပ်ကြောင့် စစ်ကြောင်းများများတော့ မဖွဲ့နိုင်သေးလို့ စစ်ကြောင်းတစ်ခု နှစ်ခုလောက်ဖွဲ့ပြီး စစ်ဆင်ရေး စသွားမယ်၊၊ မွန်တပ်တော်ဖြစ်ဖို့ကလည်း လမ်းပွင့်လာမယ်” ဟု နိုင်ဒင်းပလဟံသာက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကို ဆန့်ကျင်နေသည့် မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ မွန်ပြည်သစ်ပါတီ NMSP-ADနှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA တို့အပါအဝင် မွန်တော်လှန်ရေးတပ် ၆ ဖွဲ့ထက်မနည်း ပေါ်ပေါက်လာခဲ့ပြီး မွန်၊ ကရင်၊ တနင်္သာရီဒေသတို့တွင် ကိုယ့်နည်း၊ ကိုယ့်ဟန်ဖြင့် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လာခဲ့သည်။
မွန်တော်လှန်ရေးတပ်များအာလုံး ပူးပေါင်းပြီး မဟာဗျူဟာကျသည့် မွန်တပ်တော်တစ်ခု တည်ဆောက်နိုင်မှသာလျှင် အခြားတော်လှန်ရေးတပ်ဖွဲ့များနည်းတူ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်နိုင်မည်ဟု မွန်တော်လှန်ရေးတပ်ဖွဲ့နှင့် မွန်လူထုတို့က ယုံကြည်နေကြသည်။
တိုက်ပွဲအရှိန်မြှင့်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ရှိရာနေရာ၊ တပ်စခန်း၊ ကင်းစခန်းနှင့် အနီးနား နေထိုင်ခြင်းကို ရှောင်ရှားကြရန်၊ စစ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် တော်လှန်ရေးတပ်ဖွဲ့တို့ ပြီးခဲ့သည့် အောက်တိုဘာလကပင် သတိပေးတိုက်တွန်းထားသေးသည်။



