မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း) အတွင်းက ဒေသအာဏာပိုင်တို့က လောင်းကစားဖြင့် ဝင်ငွေရှာနေကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
ချောင်းဆုံမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မြို့နယ်အဆင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ အနီထောင်၊ အန်ဂလုံ၊ ဖဲဝိုင်း၊ ကြက်ဝိုင်း အစရှိသည့် လောင်းကစားမျိုးစုံကို ဖွင့်လှစ်ခွင့် ပြုထားပြီး လိုင်စင်ကြေးပုံစံဖြင့် ငွေကြေးကောက်ခံနေသည်ဟု ဆိုသည်။
ပွဲလမ်းသဘင်များတွင် လောင်းကစားပါ ထည့်သွင်းကျင်းပလာသည့်အပြင် ဇာတ်ပွဲသွင်းပြီး လောင်းကစားဝိုင်းခြင်း၊ ပွဲမရှိပဲ လောင်းကစားဝိုင်းသက်သက် ဖွင့်ခွင့်ပြုထားသည်လည်းရှိနေသည်ဟု ချောင်းဆုံဒေသခံတို့က ပြောသည်။
“ဘီလူးကျွန်းမှာ ပွဲတော်တွေ ပိုများလာတယ် ဒါပေမဲ့ ပွဲလမ်းသဘင်က အဓိက မဟုတ်ဘူး။ အဓိကက လောင်းကစားဝိုင်းတွေ များများထည့်သွင်းနိုင်ဖို့ပါ။ ပွဲတော်ကို ဦးစားပေတာ မဟုတ်ဘူး။ လောင်းကစားဝိုင်းတွေကို ဦးစားပေတာ။ ဘာပွဲပဲလုပ်လုပ် လောင်းကစားက မပါမဖြစ် ဖြစ်လာတယ်။ ပွဲတော်လို မဖြစ်တော့ဘူး။ လောင်းကစားပွဲတော်လို ဖြစ်နေတာ။ အဲဒါကို စစ်ကောင်စီတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အန်ဂလုံလိုမျိုးဆိုရင် တစ်ဝိုင်းကို တစ်ညဆိုရင် တစ်သိန်းနဲ့ တစ်သောင်း ကောက်ခံနေကြတယ်” ဟု ချောင်းဆုံဒေသခံတစ်ဦးက ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်း ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများတွင် ချောင်းဆုံမြို့နယ်ဒေသခံများအပြင် ဘားအံ၊ ပေါင်၊ မော်လမြိုင်၊ ကျိုက်မရောနှင့် မုဒုံမှ ဒေသခံအမျိုးသား၊ အမျိုးသမီးများလည်း လာရောက်ကစားကြသည်ဟု ဒေသခံတို့က ပြောသည်။
လောင်းကစားဝိုင်းကနေ တစ်ညလျှင် ကျပ်သိန်းရာနှင့်ချီ ငွေကြေးကောက်ခံမှုရရှိနေပြီး လောင်းကစားဝိုင်းမှ ရရှိလာသည့် ငွေကြေးများကို မြို့နယ်အဆင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က အဆင့်ဆင့်ဝေမျှယူနေကြသည်ဟုလည်း ဒေသခံတို့က ပြောသည်။
လောင်းကစားဝိုင်းများကို ပွင့်လင်းရာသီ သီတင်းကျွတ်ကာလတွင် ပိုများလာကြောင်း တစ်ရွာပြီး တစ်ရွာ လှည့်ပတ် ဖွင့်လှစ်နေသည်ဟုလည်း ပြောသည်။
ဒေသတွင်း လောင်းကစားဝိုင်းစည်ကားလာသည့်နောက် ချောင်းဆုံဒေသအတွင်း ခိုးဆိုးလုယက်မှုအပြင် မူးယစ်ဆေးဝါးအမှုတို့ ပိုမိုများလာသည်ဟု ဒေသခံတို့ကြား ပြောဆိုမှုများလည်း ရှိသည်။