တော်လှန်ရေးခရီးသည် ခက်ခဲကြမ်းတမ်းသည့်ခရီးတစ်ခုဖြစ်သော်လည်း ရပ်တန့်သွားခြင်းမရှိဘဲ အဆုံးစွန်အထိ ပါဝင်သွားရမည်ဟု မွန်ပြည်သစ်ပါတီ NMSP-AD က ပြောဆိုလိုက်သည်။
“ဒီတော်လှန်ရေးကို မလုပ်ချင်ရင် မလုပ်နဲ့။ လုပ်ရင်လည်း အဆုံးစွန်အထိ လုပ်ဆောင်သွားကြရမယ်။ ဒီအလုပ်က ကလေးကစားစရာကိစ္စမဟုတ်ဘူးဆိုတာကို ပြောချင်ပါတယ်။ အမျိုးသားလွတ် မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အခုလိုကာလမှာ လက်နက်ကိုင်တော်လှန်ရေးဟာ အခက်ခဲဆုံးနဲ့ အကြမ်းတမ်းဆုံးပဲ ဖြစ်ပါတယ်။ ဒီအခက်ခဲကြမ်းတမ်းဆုံးအလုပ်ကို လုပ်ဆောင်တဲ့အခါ အခက်ခဲမျိုးစုံကိုလည်း ကျနော်တို့ ကြုံတွေ့ရကြမှာ ဖြစ်တယ်။ ဒီခက်ခဲတဲ့အရာကို ကျနော်တို့ အတူစုပေါင်းအဖြေရှာပြီး ကျော်ဖြတ်သွားကြပါ။ ခက်ခဲပြီး ရပ်တန့်သွားတာမျိုး မဖြစ်စေချင်ဘူး။ ခက်ခဲပြီး ကျော်ဖြတ်သွားနိုင်ဖို့ကိုပဲ ကြိုးစားစေချင်တယ်” ဟု NMSP-AD ဒု-အဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ၏ အခြေခံစစ်သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲတွင် NMSP-AD ခေါင်းဆောင်က ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။
တော်လှန်ရေးကာလတွင် အခက်အခဲမျိုးစုံ ကြုံတွေ့နေရသော်လည်း ရပ်တန့်သွားခြင်းမျိုးမရှိဘဲ စစ်ကောင်စီ ပြုတ်ကျရေး ရည်မှန်းချက်ပန်းတိုင် ရောက်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားကြရမည်ဟုလည်း ဆိုသည်။
NMSP-AD အဖွဲ့ခေါင်းဆောင် နိုင်ဇေယျာကလည်း “အခက်အခဲတွေ၊ ထိခိုက်ပျက်စီးမှုတွေ ဘယ်လောက်ပဲ ကြုံတွေ့နေကြပါစေ၊ မိမိတို့ရဲ့ ရည်မှန်းချက်၊ ရယူပိုင်ခွင့် အခွင့်အရေးတွေ၊ မိမိတို့ တိုင်းပြည်တစ်ခု ပေါ်ပေါက်လာနိုင်တဲ့အထိကို မရပ်တန့်ဘဲနဲ့ အဆုံးထိ ကြိုးစားသွားစေချင်ပါတယ်။ ကျနော်တို့နိုင်ငံဟာ စစ်တပ်က အာဏာထိမ်းထားတာက နှစ်ပေါင်း ၇၀ ကျော် ရှိနေပါပြီ။ ဒါပေမဲ့ ဒီ ၂၀၂၁ နောက်ပိုင်းမှာ အခက်ခဲကြမ်းဆုံးကာလ ဖြစ်လာခဲ့တယ်။ တော်လှန်ရေးကာလကြာရှည်လာပေမဲ့ အခက်အခဲတွေကို သည်းခံစိတ်၊ တော်လှန်ရေးစိတ်၊ အနစ်နာခံစိတ်မွေးပြီး ဆက်လက်ကြိုးစားသွားကြပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
မွန်ပြည်သစ်ပါတီ NMSP-AD သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မွန်ပြည်သစ်ပါတီ NMSP မှ ခွဲထွက်ကာ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။
စစ်တပ်၏ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု MNSP-AD က ထုတ်ပြန် ပြောဆိုထားသည်။
ထိုသို့ ထုတ်ပြန်လာလိုက်ပြီးနောက် MNSP-AD က အခြားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်းသာမက ကရင်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာခဲ့ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လာခဲ့သည်။