ညီနောင်မဟာမိတ် ၃ ဖွဲ့ (AA-TNLA-MNDAA) တို့ ဆင်နွှဲခဲ့သော ၁၀၂၇ စစ်ဆင်ရေး အရှိန်အဟုန်ကြောင့် စစ်ကောင်စီမှာ မြို့အများအပြားကို စွန့်လွှတ်ခဲ့ရပြီးနောက် တရုတ်က တော်လှန်ရေး အင်အားစုတို့အပေါ် ဖိအားပေးလာကြောင်း သုံးသပ်သူများက ဆိုသည်။
တရုတ်၏ ဖိအားကို အကောင်းဖက်က ကြည့်မည်ဆိုပါက တော်လှန်ရေးအင်အားစုများကို အတင်းညီညွတ်ခိုင်းခြင်းဖြစ်ကြောင်း၊ စုပေါင်းအားဖြင့် တိုက်ပါက နွေဦးတော်လှန်ရေး အောင်မြင်မှာ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။

“ဆရာတို့ကို အတင်းညီညွတ်ခိုင်းနေတာပဲလေ၊ အကောင်းဖက်က ကြည့်မယ်ဆိုရင် ဆရာတို့ကို အတင်းညီညွတ်ခိုင်းနေတာ၊ ညီညွတ်ကြပြီးတော့ စုပေါင်းအားနဲ့ တိုက်မယ်ဆိုရင် နွေဦးတော်လှန်ရေးလည်း အောင်မယ်၊ တရုတ်ဖိအားလည်း လျော့သွားမယ်၊ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကိုလည်း ပြန်လည်တည်ဆောက်နိုင်မယ်၊ အဲဒီကောင်းကျိုးတွေက မြင်ပါတယ်။ ကိစ္စမရှိဘူးလေ၊ ဒို့က နယ်မြေတွေ ရထားပြီးပြီ၊ အပိုင်သိမ်းပြီး အုပ်ချုပ်နေပြီလေ၊ ကိုယ်က လက်ဝယ်ရထားပြီးပြီ၊ သိပ်စိုးရိမ်စရာ မရှိဘူး။ လာတဲ့ကောင် စမ်းသပ်ရုံပဲ ဟိုတုန်းကလို ကိုယ်က သွားတိုက်စရာ မလိုဘူး။ ကိုယ်က ခံချရုံပဲ၊ ဒီတစ်ခါ ပြည်မကြီးလည်း အညာမှာ နိုင်တော့မှာ နိုင်လို့ရှိရင် ပြည်မကြီးအားပါ ရလာပြီဆိုရင် တရုတ်ဖိအားလည်း တွန်းလှန်နိုင်မှာ မအလ စစ်ကောင်စီရဲ့ ဖိအားကလည်း ဆရာတို့ ကြောက်စရာ မလိုတော့ဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင်လည်း ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် တရုတ် ဖမ်းဆီးခြင်း မရှိဘဲ ဆေးကုသမှု ခံယူနေသည်ဟု နိုဝင်ဘာ ၁၉ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
အခြားတစ်ဖက်တွင် ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသော လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာရန် ပြောဆိုမှုကို လက်မခံ၍ ဖုန်တာရွှင်ကို ဖမ်းဆီးခြင်းဟု သုံးသပ်မှုများလည်း ရှိနေသည်။
စစ်ကောင်စီတပ်က နေစဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်နေမှုကို ဖိအားပေးခြင်း မရှိဘဲ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများကိုသာ ဖိအားပေးခြင်းမှာ တစ်ဖက်သတ်ဆန်လွန်ကြောင်း နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်မှ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးမောင်မောင်ကြည်က ပြောသည်။
“မင်းအောင်လှိုင်က တိုင်းရင်းသားဒေသတွေ လက်နက်ကိုင်အဖွဲ့တွေကို နေ့စဉ်နဲ့အမျှ ဗုံးကြဲနေတာကိုတော့ တရုတ်က ဘာမှဖိအားပေး ပြောဆိုတာ မရှိဘဲနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကိုကြရင် သူ့နယ်စပ်မှာ တိုက်ပွဲ မရှိဖို့အတွက် ကျည်မဖောက်ဖို့အတွက် ထိန်းချုပ်တာတွေ ပြောနေတာတွေက အရမ်းကို တစ်ဖက်သတ်ဆန်လွန်းတယ်လို့ မြင်တယ်၊ အဲဒီအတွက် တရုတ်ရဲ့ ဩဇာအာဏာကတော့ ပြင်းပြင်းထန်ထန်တော်လှန်နေတဲ့ ညီနောင်အပေါ်မှာတော့ တကယ်ကို ကြီးကြီးမားမား ရိုက်ခတ်မှု ရှိတယ်။ တကယ်လို့ ထွက်ပေါက်ကတော့ ရှင်းရှင်း ပြောရရင် NUG ကလည်း ဖိအားအပေါ် ဒီညီနောင်အဖွဲ့တွေ ပိတ်မိနေတဲ့ဟာကနေ ထွက်ပေါက်ရဖို့အတွက် လမ်းကြောင်းတွေ ရှာဖွေပေးသင့်တယ်လို့ မြင်တယ်” ဟု ပြောသည်။
တရုတ်၏ ဖိအားပေးမှုကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ MNDAA တို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပတ်သက်ခြင်း မရှိဘဲ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စာထုတ်ပြန်ခဲ့ကြသည်။
စစ်ကောင်စီ ပြုတ်ကျမှာကို တရုတ်က စိုးရိမ်ကြောင်း၊ အစိုးရအဆက်ဆက်က အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုကို အိမ်နီးချင်းနိုင်ငံများ၏ အကူအညီဖြင့် ရပ်တည်ခဲ့ကြကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။
“အတိုချုပ်ပြောရရင်တော့ စိုးရိမ်တာပေါ့ဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ စကစ အပါအဝင် မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ အစိုးရအဆက်ဆက်ကတော့ တရုတ်ရဲ့ ဩဇာခံဖြစ်တယ်၊ အရင်အစိုးရ လက်ထက်တွေမှာဆိုရင် တရုတ်ကိုလည်း သူတို့က ကြောက်နေရတယ်ဆိုတဲ့ဟာမျိုးတွေတောင်မှ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေက ပြောခဲ့တဲ့ စကားတွေ ရှိတယ်လေ၊ အဲဒါလည်း တစ်ပိုင်းရှိသလို ၈၈ နောက်ပိုင်း ဒီမိုကရေစီရေး လှုပ်ရှားတဲ့ဟာတွေမှာလည်း နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့တာတွေကြောင့် အဲဒီတုန်းက ရှိခဲ့တဲ့ အခြေအနေက တရုတ်ရဲ့ အထောက်အပံ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အထောက်အပံ့နဲသာ မြန်မာစစ်အစိုးရတွေကနေပြီးတော့ အသက်ရှင်ရပ်တည်ရတဲ့ဆိုတဲ့ အနေအထားမျိုးလည်း ရှိခဲ့တယ်၊ အဲဒီတော့ တရုတ်ရဲ့ အနေအထားကိုကတော့ နှစ်ဖက်လုံးပေါ့၊ နှစ်ဖက်လုံးဆိုတာ တော်လှန်ရေး အင်အားစုတွေရော စစ်ကောင်စီရော နှစ်ဖက်လုံး တရုတ်ရဲ့ အင်အားကို စိုးရိမ်နေရတယ်၊ အလေးထားနေရတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ လောက်ကိုင်၊ ချင်းရွှေဟော်၊ သိန္နီ၊ ကုန်ကြမ်း၊ မုံးကိုး၊ ကြူကုတ်၊ ဖောင်းဆိုင်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ၊ မိုးမိတ်၊ ကျောက်မဲ၊ လားရှိုး၊ သီပေါ၊ မန်တုံ၊ နမ့်ဆန်အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်၊ စဉ့်ကူး နှင့် သပိတ်ကျင်းတို့ကို တော်လှန်ရေးအင်အားစုတို့က တိုက်ခိုက်သိမ်းပိုက်ထားသည်။
ထို့နောက် တရုတ် – မြန်မာ နယ်စပ်ဂိတ်များအားလုံးကို တရုတ်ဖက်က ပိတ်လိုက်ပြီး တော်လှန်ရေးအင်အားစု ထိန်းချုပ်ရာ နယ်မြေများကို စက်သုံးဆီ၊ လျှပ်စစ်မီး၊ ရိက္ခာများအားလုံးကို ဖြတ်တောက်ခဲ့ကြောင်း သိရသည်။