မွန်ပြည်မြောက်ပိုင်းရှိ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ပြီးခဲ့သည့်အောက်တိုဘာအတွင်း ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည့်အပြင် နိုဝင်ဘာပထမအပတ်တွင်လည်း ရက်ရှည်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံတို့ မကြာခဏ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။
![](https://i0.wp.com/burmese.monnews.org/wp-content/uploads/2024/11/Interview.jpg?resize=696%2C928&ssl=1)
အဆိုပါဒေသအတွင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်စဉ် ဒေသခံတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းအပြင် လေယာဉ်ဖြင့်တိုက်ခိုက်ခြင်းတို့ အဓိကလုပ်ဆောင်လျှက်ရှိသည်။
စစ်ကောင်စီစစ်ကြောင်းနှင့် နှစ်ဖက်တိုက်ပွဲကြောင့် တိမ်းရှောင်နေသည့် ဒေသခံတို့သည် စစ်ရှောင်စခန်းအတည်တကျမရှိသည့်အပြင် အကူအညီနှင့်အကာအကွယ်ရရှိမှု နည်းနေသည့် အခြေအနေကို မွန်ပြည်မြောက်ပိုင်းမှ စစ်ဘေးရှောင်များအရေးကူညီနေသူ မဆောင်းနှင့် ဆက်သွယ်မေးမြန်းထားသည်။
IMNA – ဒေသတွင်းမကြာခဏဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့်သထုံ၊ ဘီးလင်း၊ ကျိုက်ထိုတစ်လျှောက်က ဒေသခံတွေ စစ်ဘေးရှောင်တွေရဲ့ အခြေအနေဘယ်လိုရှိလဲ။
MS – စစ်ဘေးရှောင်စခန်းတော့ သီးသန့်ကြီးမရှိဘူး။ စစ်ကြောင်းထိုးလာရင် လွတ်တဲ့နေရာမှာ ရှောင်တိမ်းပြီးနေကြတယ်။ ပြီးတော့ စစ်ကြောင်းပြန်ဆုတ်သွားရင် နေရပ်လာပြန်နေတယ်။ ကိုယ့်နေရာဒေသမှာပဲ ပြန်ပြီးလုပ်စားကြတယ်။ နေရာဒေသသုံးခုလုံးပေါ့။ သထုံ၊ ဘီးလင်း၊ ကျိုက်ထို အကုန်လုံးပဲ။ ဘီလင်းဆို ဟိုတလောက ဝင်းတာပန်တို့ဘက်မှာ ဖြစ်တဲ့ချိန်တုန်းကဆို အဲ့လိုမျိုးပဲပေါ့။ သူတို့တွေ ကျောက်ဂူတွေကြားမှာ စစ်ရှောင်နေရတာပေါ့။ ခုတော့ နေရပ်တွေ ပြန်ရောက်ကြပါပြီး။ အဲ့လိုမျိုးအနေအထားလေးရှိတယ်။ သီးသန့်လိုမျိုး အချိန်ကြာကြီး Camp လိုမျိုးတော့ မရှိဘူး။
IMNA – အဲလိုစစ်ရှောင်နေရတဲ့အခြေအနေမှာ စစ်ဘေးရှောင်တွေအနေနဲ့ အဓိက ဘယ်လိုအကူအညီလိုအပ်နေကြလဲ?
MS – ဖြစ်တဲ့နေရာတွေ ဘာမှမလုပ်သွားတော့ အဆင်ပြေတယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့ စစ်ဘေးသွားရှောင်တဲ့ချိန်မှာ အစ်မတို့ရဲ့ အခက်အခဲကဘာလဲဆိုရင် ဆန်တွေ စားနပ်ရိက္ခာတွေလိုအပ်တယ်။ လိုအပ်တာတွေကို ဒီဘက်အလှူရှင်တွေနဲ့ချိတ်ဆက်ပြီးတော့ ရိက္ခာဝေပေးတာတွေမျိုး အဓိကအားဖြင့်တော့ ဆန်ပေါ့နော်။ ဒါမျိုးတွေတော့ ထောက်ပံ့မှုတွေပေးရတာပေါ့။ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ရှာဖွေပြီး ကျွေးပေးတယ်ပေါ့နော် အဲ့လိုမျိုးတွေရှိတယ်။
IMNA – သူတို့အတွက် အကူအညီရရှိတဲ့ အခြေအနေရော ဘယ်လိုရှိလဲ။
MS – မိ အဖွဲ့ကပေးတာရှိမယ်။ ပြီးလို့ရှိရင် မွန်ပြည်ဖက်ဒရယ်ကောင်စီက ရတာရှိမယ်။ ဒီဘက် ပကဖ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အဲ့အဖွဲ့က ထောက်ပံ့ပေးတာရှိမယ်။ ပြီးတော့ PDF တော်လှန်ရေးအင်အားစု ခေါင်းဆောင်ကနေပြီးတော့ ဆန်ရှာပေးတာပေါ့လေ။ ဒါကတော့ သူတို့မြင်နေရတဲ့ ပြည်သူတွေရဲ့အခက်အခဲကို အဆင်ပြေအောင် ဆောင်ရွက်ပေးနေတာတော့ရှိတယ်။
IMNA – စစ်ကြောင်းထိုးလာတဲ့အချိန် ဒေသခံတွေ ဘယ်လိုရင်ဆိုင်နေရတာရှိလဲ။
MS – စစ်ကြောင်းထိုးလာပြီးဟေ့ဆိုရင် အကုန်လုံးရှောင်ကြရတာပဲ။ အစ်မတို့အပါအဝင်ပေါ့ အိမ်မှာ အထုတ်နှစ်ထုတ် ထည့်ထားရတယ်။ သွားဖို့အထုတ် တကယ်ဖြစ်လာမယ့်ချိန်ကြရင် ပြေးဖို့ သီးသန့်အထုတ်ထုတ်ထားရတယ်။ စားဖို့သောက်ဖို့က တစ်ထုတ် စောင်တို့အဝတ်အထည်တို့ကတစ်ထုတ် စစ်ကြောင်းထိုးလာပြီးဟေ့ဆို အထုတ် ဆွဲပြီး လွတ်ရာပြေးတော့ အကုန်လုံးပဲပေါ့။ အချို့ဆို အဘွားတွေ သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင်မိခင်တွေ ခလေးသေးသေးတွေ မသန်စွမ်းတွေ စစ်ကြောင်းထိုးလာပြီးဆိုရင် လူမျိုးပေါင်းစုံ အခက်အခဲပေါင်းစုံ ကြုံတွေ့နေရတာပါပဲ။
IMNA – စစ်ရှောင်နေရတဲ့ ကလေးသူငယ်တွေထဲမှာရော စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့အခြေအနေတွေ ရှိလား?
MS – ရှိပါတယ်။ အကြမ်းဖျင်းပေါ့နော်။ ခလေးငယ်တွေမှာလည်း စိတ်ခံစားချက်တွေရှိမှာပဲ။ ဘာလို့လဲဆိုရင် သူတို့ကျောင်းတက်ဖို့ ဒီဘက်မြေပြင်မှာကျောင်းတွေဖွင့်တယ်။ ဒါမဲ့လက်နက်ကြီးကြတော့ စစ်ကြောင်းထိုးတော့ ပြေးနေကြရပြန်ပြီး။ ကျောင်းတွေပိတ်ရပြန်ပြီး။ ဒါမျိုးတွေဖြစ်တဲ့အတွက် ဒီခလေးတွေရဲ့ ရင်ထဲမှာလည်း ခံစားချက်တွေရှိမှာပဲ။ ကြောက်စိတ်ပေါ့နော် ပြီးလို့ရှိရင် တကယ်ဆိုရင်သူတို့ကျောင်းတက်ရမယ့်အရွယ်လေ သူတို့ရဲ့အခွင့်အရေးတွေ အဆုံးအရှုံးခံနေရတယ်။ သူတို့ရင်ထဲမှာ ခံစားနေရမှာပါ။ ဖွင့်ပြောတာမျိုးမရှိဘူး။ ဒါပေမဲ့ မိဘတွေတော့ သူတို့သားသမီးအတွက်ခံစားချက်ရှိမှာပဲ။ မိဘတွေရဲ့ရင်ထဲကဟာတွေက ပိုပြီးမြင်ရတယ်ပေါ့နော်။ အခြားခလေးတွေဆို ကျောင်းတက်နေကြတယ်။ ကျောင်းသားသဘာဝကို ခံစားကြရတယ်။ အခုရွာကဒီကခလေးတွေဆိုရင် ဒီနှစ် ဂရိတ် ၃ ရောက်နေတဲ့ခလေးတွေဆိုရင် သူတို့မှာ ကျောင်းရဲ့အရသာကိုဘာမှမသိဘူး။ သူများလို ယူနီဖောင်းနဲ့ အရှင်းဆုံးပြောရရင် မလုံခြုံနေဘူး။ သူတို့မှာ လုံခြုံစွာနဲ့ စာမသင်နေရဘူး။ လက်နက်ကြီးကျလို့ ပြေးကြရပြန်ပြီး။ ပုံးခိုကျင်းမရှိလို့ ကျောင်းမတက်ရပြန်ဘူး။ စစ်ကြောင်းထိုးလာလို့ ပြေးကြရပြန်ပြီး။ ဒါတွေက သူတို့ကိုယ်တိုင်ကြုံတွေ့နေရတယ်။ ဟိုတလောက ကျောက်ပုံရွာစစ်ကြောင်းထိုးလာတာ အဲ့နေမနက်မှာဆို စစ်ကြောင်းထိုးလာမှာကို မသိဘူး။ မသိတဲ့ခါကြတော့ ကျောင်းမှာ ဆရာတွေနဲ့ ကျောင်းသားတွေရှိနေတယ်။ စစ်ကြောင်းကလည်းထိုးလာပြီး ဆရာတွေကလည်း ဒီခလေးတွေကို သူတို့မိဘဆီပြန်အပ်ဖို့ ဘယ်လိုလုပ်ရမလဲ သူ့ခံစားချက်လည်း မြင်ခဲ့ရတယ်။ သူ့ကြောင့်နဲ့ ခလေးတွေထိခိုက်မှာလဲ သူစိုးရိမ်နေတာ။ ဒါက လက်တွေ့တွေ့ခဲ့ရတဲ့အရာပေါ့နော်။ ခလေးတွေက ၅၀ ဝန်းကျင်လောက်ရှိမယ်။ ဒီခလေးတွေနဲ့ ဆရာမှာလည်း သူ့မှာဖိအားတွေများခဲ့တယ်။
IMNA – ကလေးသူငယ်တွေအပြင် အခြားစစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီကရော ဘယ်လိုရရှိနေလဲ။
MS – အချိန်ကလေ အကြာကြီးမဖြစ်တာဖြစ်တဲ့အတွက် ဒီဘက်မှာဆိုရင်တော်လှန်ရေးအင်အားစုတွေဘက်မှာလည်း ဆေးမှူးတွေရှိတယ်။ သူတို့တွေ လုပ်ပေးတယ်ပေါ့နော်။ ပြီးလို့ရှိရင် CDM ဝင်ထားတဲ့ ဆရာဝန်တွေရှိတယ်။ စစ်ရှောင်တာက ဒီတစ်ရွာကရှောင်ပေမယ့် နောက်တစ်ရွာက ဆေးမှူးတွေရှိတယ်။ ရွာချင်းတွေကလည်း ဆက်နေတာဖြစ်တဲ့အတွက် ဆေးဝါးပတ်သက်ပြီးလို့တော့ ပြဿနာမရှိဘူးလို့ အစ်မမြင်တယ်။ လမ်းတွေလည်း သွားလာလို့အဆင်ပြေနေတော့ ထွေထွေထူးထူးမရှိသေးပါဘူး။
IMNA – လက်ရှိ သထုံ၊ ကျိုက်ထို၊ ဘီးလင်း ဒေသတစ်ဝိုက်မှာ စစ်ရှောင်အရေးကူညီနေသူတစ်ဦးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်လဲ?
MS – အကုန်ုလုံးကိုပြောချင်တာပေါ့နော် ဒီတော်လှန်ရေးကြီးမြန်မြန်ပြီးဖို့ ဝိုင်းဝန်းတွန်းပေးကြဖို့ အခုက အစ်မတို့က ဘာတွေခံစားနေလဲဆိုရင် အဓိကက ဒလန်တစ်ယောက်ရှိနေလို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် မလုံခြုံနေဘူးလေ ဒါမျိုးတွေလည်း ကြုံနေရတယ်။ အဲ့တာမျိုးမို့လို့ မပါဝင်ချင်နေ မဖိတ်ခေါ်ဘူး။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေကို လိုက်နှောင့်ယှက်နေတာက မလုပ်သင့်ဘူး။ ပြီးတော့ ပြည်သူတွေဘက်ကနေ သတင်းပေးတာတို့ ဝိုင်းဝန်းကူညီတာမျိုးတို့ ဒါမျိုးတွေလုပ်စေချင်တယ်။ ကြောက်စိတ်တွေက စိုးမိုးနေတော့ ကြောက်စိတ်တွေကို မတွန်းလှန်နိုင်တဲ့ခါကျတော့ အစ်မတို့ကိုယ်တိုင်ကစီဒီအမ်ကွ တို့တွေအော်ခဲ့ကြတယ် “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုပြီး Boycott လုပ်ခဲ့ကြတယ်။ နောက်ဆုံးကြတော့ Boycott လုပ်ခံရနေတာက အစ်မတို့ဖြစ်နေတယ်။ ပြည်သူတွေက ကိုယ့်ဘက်မှာအပြည့်အဝမရှိနေဘူးဆိုရင် ရှင်းရှင်းပြောရရင် သူတို့နေရာလုံလုံခြုံခြုံရှိပြီး အေးနေရင် ရပြီးဆိုတာက ဒါမျိုးတွေလည်း ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ပြီး ဒီတော်လှန်ရေးဘက်ကို တစ်ထောင့်တစ်နေရာပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။