spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုနှင့် ဘီးလင်းတွင် PDFနှင့်ပတ်သတ်ဆက်နွယ်သည့်စွပ်စွဲချက်ဖြင့် ဒေသခံများကို ဆက်တိုက်ဖမ်းဆီး

    ကျိုက်ထိုနှင့် ဘီးလင်းတွင် PDFနှင့်ပတ်သတ်ဆက်နွယ်သည့်စွပ်စွဲချက်ဖြင့် ဒေသခံများကို ဆက်တိုက်ဖမ်းဆီး

    -

    မွန်ပြည်နယ် ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့တွင် PDF နှင့်ဆက်စပ်သည့်စွပ်စွဲချက်ဖြင့် ဒေသခံများကို ဆက်တိုက် ဖမ်းဆီးနေပြီး  ယခုရက်ပိုင်းအတွင်း အမျိုးသား ၅ ဦး ထက်မနည်းဖမ်းဆီးခံထားရပြီး အသက်မပြည့်သေးသည့် လူငယ်နှစ်ဦးလည်း ပါဝင်နေသည်ဟု ဒေသတွင်းသတင်းအရင်းမြစ်တို့ထံမှ သိရသည်။

    ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် နိုဝင်ဘာ ၁၁ ရက်တွင် အသက်မပြည့်သေးသည့် လူငယ်အမျိုးသား ၂ ဦးအပါအဝင် စုစုပေါင်းအမျိုးသား ၃ ဦးဖမ်းဆီးခံထားရပြီး၊ နိုဝင်ဘာ ၁၃ ရက် နေ့တွင်လည်း ဘီးလင်းမြို့မှ သထုံမြို့တွင်းသို့ ဆိုင်ကယ်စီးနင်းမောင်နှင်လာသည့် အမျိုးသား ၂ ဦးဖမ်းဆီးခံခဲ့ရသည်။

    အဆိုပါဖမ်းဆီးခံထားရသူများသည် စစ်ကောင်စီမှ လက်ကိုင်ဖုန်းကိုစစ်ဆေးရာတွင် PDF နှင့်ပတ်သက်ဆက်နွယ်မှုတစ်စုံတစ်ရာ တွေ့ရှိထားသည့်အပြင်၊  PDF သင်တန်းဆင်းများဖြစ်ခြင်းကြောင့် ဖမ်းဆီးခံထိန်းသိမ်းထားရသည်ဟု ဒေသခံတို့၏ ပြောကြားချက်တို့အရ သိရသည်။

    တော်လှန်ရေးအင်အားစုအနေဖြင့်အသက်မပြည့်သေးသည့်လူငယ်များကို သင်တန်းတက်ရန် ခေါ်ယူထားခြင်း မရှိသည့်အပြင် အဆိုပါဖမ်းဆီးခံရသူတို့သည် တော်လှန်ရေးအဖွဲ့တို့နှင့် ပတ်သတ်မှုမရှိကြောင်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကပြောသည်။ 

    “စစ်တပ်ဘက်ကတော့အဲ့လိုပြောပေမဲ့ကျနော်တို့မှာအဲ့ကလေးနာမည်မရှိဘူး၊ သူတို့အသက်လည်း မပြည့်ဘူး ဆိုတော့ ၁၆နှစ ၁၇နှစ် တွေလက်ခံထားတာမရှိပါဘူး၊ စစ်မှူးထမ်းပြီးမှ ပဲရောက်လာကြတာရှိတယ် ရောက်လာတော့ မိဘတွေဆက်သွယ်ပြီး ပြန်ပို့ပေးထားတာရှိတယ်၊တစ်ချို့က ပြန်လာရင်လည်းစစ်တပ်ကအတင်းခေါ်မှာ စိုးပြီး တော့ ကျနော်တို့ဆီမှာစောင့်ရှောက်ခိုင်း ထားတာ ခိုလှုံပုံစံနဲ့ရှိတယ်။ကျနော်ပြောချင်တာက ဖမ်းတာလည်း ဖြစ်ရင်ဖြစ်နိုင်တယ်၊ ဖမ်းမိရင်ပိုက်ဆံတောင်းတယ်၊တောင်းလို့မရတော့ PDF စွပ်စွဲတာပြီးအမှုဖွင့်တာတွေ အဲ့တာ တွေကနဂိုကတည်းကရှိခဲ့ဖူးတယ်ဆိုတော့”ဟု ပြောသည်။

    ဒါ့အပြင် သိမ်ဇရပ်မြို့တွင် ဖမ်းဆီးခံထားရသည့်လူငယ် ၃ ဦးအနက် ၂ ဦးကိုအကြမ်းဖက်ဥပဒေဖြင့်အမှုဖွင့်အရေးယူထားသည်ဟု စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ် ချာနယ်တို့တွင် ရေးသားထားသည်။

    စစ်ကောင်စီမှ လူငယ်များကိုပစ်မှတ်ထားပြီးမကြာခဏဖမ်းဆီးနေခြင်းသည်  လူငယ်များ တော်လှန်ရေး အင်အားစုတို့နှင့် ကင်းကွာစေလိုခြင်းကြောင့် အဓိက လုပ်ဆောင်နေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်းဒေးရှင်းမှ တာဝန်ခံ နိုင်အဲမွန်ကပြောသည်။

    “စကစဟာ PDF အင်အားပြန့်ကားလာမှုတွေကို အထူးစိုးရိမ်လို့ မသေချာတဲ့သတင်းတွေကနေတောင် actions ယူ နေတာလို့ ပြောနိုင်သလို မကြာမကြာ ဒီလိုမျိုး လူငယ်တွေကို ပစ်မှတ်ထား ဖမ်းပြပြီး ကျန်နေတဲ့ လူငယ် တွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ကင်းအောင် ပြသလိုက်တဲ့သဘောလို့ ကောက်ချက်ချနိုင်တယ် ဘယ်လိုပဲ ဖြစ်ဖြစ် မတရားဖမ်းဆီးခံရတဲ့နောက်မှာ ကျန်တဲ့ ချိုးဖောက်မှုတွေ တသီတတန်းလိုက်ပါလေ့ရှိတယ်။ ဥပမာ မတရား ညှင်းပန်းနှိပ်စက်တာတွေ မိဘ သို့ မိသားစုကနေတဆင့် ငွေမတရားတောင်းပြီးမှ ပြန်လွှတ် လေ့ရှိတာ”ဟု ၎င်းကပြောသည်။

    စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း လူငယ်များကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့နှင့် အဆက်သွယ်ပြုလုပ်ခြင်း၊ ထောက်ပို့ခြင်းစသည့် စွပ်စွဲချက်တို့ဖြင့် ဖမ်းဆီးခံရသူအများအပြားရှိသည့်အပြင် လူမှုကူညီရေးအသင်းဝင်းများလည်း ဖမ်းဆီးခံရမှုများတိုးလျှက်ရှိသည်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင့် AAPP ၏ အောက်တိုဘာလ ၁၁ ရက်နေ့အထိ ဖော်ပြ ထားသည့်စာရင်းများအရ စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနှင့်ဆက်စပ်မှုကြောင့် လူပေါင်း ၂၇၅၄၁ ဦး ဖမ်းဆီးခံခဲ့ရသည်ဟုသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts