Thursday, April 2, 2026
More
    spot_img
    Homeသတင်းရွာလုံးကျွတ်တိမ်းရှောင်နေရသည့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းရှိ ဒေသခံများ နေရပ်မပြန်နိုင်သေး

    ရွာလုံးကျွတ်တိမ်းရှောင်နေရသည့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းရှိ ဒေသခံများ နေရပ်မပြန်နိုင်သေး

    -

    မွန်နှင့် ကရင်ပြည်နယ်ကို ဆယ်သွယ်ထားသည့် သံဖြူဇရပ် – ဘုရားသုံးဆူးကားလမ်းပိုင်းတစ်လျှောက်တွင် ယနေ့ (နိုဝင်ဘာလ ၁၁ ရက်) အထိ တိုက်ပွဲပြင်းထန်ဆဲဖြစ်သဖြင့် ရွာလုံးကျွတ်တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ နေရပ်မပြန်နိုင်ကြသေးဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေမှုကြောင့် ထိုလမ်းပိုင်းရှိ ရဲတံခွန်၊ ဇီးနှစ်ပင်၊ ဦးခွေး+ဒေါ်ယိမ်းစသည့်ကျေးရွာတို့ကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွာလုံးကျွတ် တိမ်းရှောင်ခိုင်းထားသည်ဟု ဆိုသည်။

    “နေ့တိုင်းတိုက်ပွဲဖြစ်နေတယ်၊ ပယော်ဟဲဘက်မှာက ပြင်းထန်နေဆဲပဲ။ ဒီနေ့လည်း ရဲတံခွန်အနီးနားရွာတွေနဲ့ဆို (တိမ်းရှောင်နေတဲ့ဒေသခံများ) ထောင်နီးပါးရှိနေပြီ၊ သံဖြူဇရပ်မြို့ပေါ်နဲ့ ပငရွာ၊ အံခဲ၊ ဝယ်ကဒါဘက်မှာ ရှောင်နေရတယ်၊ အရင်လကလည်း နည်းနည်းနဲ့ တိမ်းရှောင်နေပါတယ်၊ ၈ ရက်နေ့တုန်းက စစ်တပ်ဘက်က ရဲတံခွန်နဲ့ ဇီးနှစ်ပင်ရွာ၊ ဦးခွေးဒေါ်+ယိမ်းရွာက အားလုံးကို တိမ်းရှောင်ထားခိုင်းတယ်ပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

    သို့သော် နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့်သြဂုတ်လအတွင်းကပင် သံဖြူဇရပ်- ဘုရားသုံးဆူလမ်း ပိုင်းရှိ ကျေးရွာများမှ ဒေသခံအများစု ပြောင်းရွှေ့နေကြရသည်ဟု သိရသည်။

    စစ်ကောင်စီ၏ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံ အနန်းကွင်း စစ်ဗျူဟာတပ်စခန်းကို ပြီးခဲ့သည့် သြဂုတ်လလယ်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် PDF အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ ယနေ့အချိန်ထိ ဒေသတွင်း တိုက်ပွဲပြင်းထန်လျက်ရှိသည်။

    “ပယော်ဟဲမှာ ပိတ်မိနေတဲ့ (စစ်ကောင်စီ) စစ်သားတွေရှိနေတယ်၊  ရဲတံခွန်မှာက (စစ်ကောင်စီ) စစ်သားတွေ ရှိနေတယ်၊ ဝဲကလိ အမြှောက်တပ်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတယ်၊ ဒီတိုက်ပွဲကတော့ ဆက်ဖြစ်နေမှာပဲ၊ အဲဒီစခန်းကို မရသရွှေ့တော့ စစ်ကူ စစ်ကြောင်းကို တားဆီးတိုက်နေအုံးမှာပဲ၊ ဒါမဲ့ ဝဲကလိဘက်မှာတော့ (စစ်ကောင်စီတပ်က) စစ်ကူအင်အားဖြည့်ထားတယ်လို့ သိရတယ်” ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ်က အနန်းကွင်းဗျူဟာတပ်စခန်း မကျရေးအတွက် လက်နက်ကြီးနှင့် ပစ်ခတ်တာ အပါအဝင် လေကြောင်းနှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ထိုဒေသတွင် ဖုန်းလိုင်၊ အင်တာနက်လိုင်းတို့ကိုလည်း ဖြတ်တောက်ထားကြောင်း ဒေသခံတို့၏ ပြောကြားချက်အရ သိရသည်။

    ထို့အပြင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့ကစပြီး ပြန်လည်ဖြစ်ပွားခဲ့သည့် အနန်းကွင်းဗျူဟာ စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ရေးမြို့အခြေစိုက် စစ်ကူစစ်ကြောင်းအများအပြား ရေး-သံဖြူဇရပ်လမ်းပိုင်းမှ တစ်ဆင့် တိုက်ပွဲဖြစ်ပွားရာနေရာသို့ တပ်အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။

    “သူတို့တိုက်ပွဲအကြား ပိတ်မိနေမှာစိုးတော့ (သံဖြူဇရပ်-ရေးကားလမ်းပိုင်းကို) သိပ်ပြီး အသွားအလာမလုပ်ရဲ ကြသေးဘူး။ တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာ ရေးကနေပဲ သူတို့အင်အား ဖြည့်တင်းနေတာလို့ သိတယ်” ဟု မော့ကနင်းဒေသခံတစ်ဦးက ပြောသည်။

    ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် သံဖြူဇရပ်- ဘုရားသုံးဆူကားလမ်းမ တလျှောက်ရှိ စစ်ကောင်စီ၏ ခလရ – ၂၈၄ တောင်စွန်းတပ်စခန်းနှင့် လွှတ်ရှမ်းတပ်စခန်းတို့ကို ကရင်တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်  လက်ရှိ အနန်းကွင်းဗျူဟာတပ်စခန်းကိုပါ ထပ်မံသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

    လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေမှုကြောင့် အနန်းကွင်းရွာနှင့် အနီးအနားရွာက ဒေသခံပြည်သူ ၄၀၀၀ ကျော်တို့သည် ၃ လကြာသည်အထိ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ၏ လစဥ်အစီအရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks