တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်စိုးမိုးထားသည့် မိုးကုတ်ဒေသတွင် အသေးစားကျောက်လုပ်ငန်း လုပ်ကွက်များ ပေးဆောင်သွားမည်ဟု TNLA တာဝန်ရှိသူတို့က ပြောသည်။
ပတ္တမြားအဓိကထွက်ရှိရာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ကို TNLA က ယခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က သိမ်းပိုက်ထားနိုင်ခဲ့သည်။
“ကျွန်မတို့အနေနဲ့ကတော့ အဓိက ပြည်သူကို ပြန်ကြည့်တာပေါ့နော်။ သူတို့အတွက် အကျိုးရှိစေမဲ့ အလွန်အကျွံ မဖြစ်မဲ့ လုပ်ကိုင်ခွင့်တွေကို အရင်ချပေးတာမျိုးပါ။ တချို့လည်း စတင်လုပ်ကိုင်နေတာမျိုးတွေရှိပါပြီ။ အရင်က လုပ်ငန်းအကြီးတွေကိုတော့ ကျွန်မတို့ဘက်က ပိတ်ထားပါတယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။
လက်ရှိတွင် အသေးစားကျောက်တူးဖော်မှုကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများဖြင့် လုပ်ကိုင်ခွင့် ပေးထားကြောင်း၊ အခွန်လည်း ကောက်ခံနေကြောင်း ၎င်းက ဆက်ပြောသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတစ်ဦးက “ကျွန်မတို့အနေနဲ့က လက်နက်ကိုင်အဖွဲ့တွေဟာ သယံဇာတနဲ့ မကင်းနိုင်ဘူးဆိုတာ နားလည်ပါတယ်။ တပ်ကို လည်ပတ်နိုင်ဖို့အတွက် ဝင်ငွေရှိဖို့ကလဲ လိုတာကို။ ဒါပေမဲ့ တခုကတော့ အလွန်အကျွံ မလုပ်ဖို့ပါဘဲ။ ဒါက တချိန်မှာ ဒီက ကိုယ့်လူမျိုးတွေကိုပဲ ပြန်ပြီး သက်ရောက်စေမှာပါ။ အခုလို စည်းမျဉ်းတွေနဲ့ လုပ်ကိုင်ခွင့်ပေးတယ်ဆိုတဲ့အပေါ်မှားလည်း ကျွန်မတို့ ကြိုဆိုပါတယ်” ဟု ပြောသည်။
မိုးကုတ်ဒေသရှိ ကျောက်တူးဖော်ရေးလုပ်ကွက်များကို ခေတ်အဆက်ဆက်က စစ်ခေါင်းဆောင်များနှင့် ၎င်းတို့နှင့်နီးစပ်သူ ခရိုနီများကသာ လက်ဝါးကြီးအုပ် လုပ်ကိုင်လာခဲ့ကြသည်။
ကျောက်တူးဖော်ရေး လုပ်ငန်းကြီးများကိုလည်း TNLA က စစ်ဆေးမှု ဆက်လက်လုပ်ဆောင်နေကြောင်းလည်း TNLA က ဆိုသည်။