spot_img
Thursday, December 5, 2024
More
    spot_img
    Homeသတင်းNMSP-AD ရဲ့ စစ်ရေးလှုပ်ရှားမှု၊ ပြည်သူလူထုနဲ့ တွေ့ဆုံနေမှုအခြေအနေနှင့် ပတ်သက်ပြီး NMSP-AD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ နိုင်ကောင်စကားနှင့် ဆက်သွယ်မေးမြန်း

    NMSP-AD ရဲ့ စစ်ရေးလှုပ်ရှားမှု၊ ပြည်သူလူထုနဲ့ တွေ့ဆုံနေမှုအခြေအနေနှင့် ပတ်သက်ပြီး NMSP-AD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ နိုင်ကောင်စကားနှင့် ဆက်သွယ်မေးမြန်း

    -

    မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို ရှင်းလင်းတင်ပြရန်နှင့် ပြည်သူလူထုရဲ့အသံ၊ အကြုံပြုချက်ရယူဖို့ ပြည်တွင်း၊ ပြည်ပက မွန်ပြည်သူလူထုတွေ မွန်အဖွဲ့အစည်းတွေနှင့် မွန်သံဃာတော်တို့နှင့် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပါသည်။

    မွန်ပြည်သစ်ပါတီ NMSP-AD သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မွန်ပြည်သစ်ပါတီ NMSP မှ ခွဲထွက်ပြီး အခြားသောတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်ချေလျက်ရှိသည်။

    မွန်ပြည်သစ်ပါတီ NMSP-AD ရဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေ၊ ပြည်သူလူထုနဲ့ တွေ့ဆုံနေမှုအခြေအနေနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ NMSP-AD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ နိုင်ကောင်စကားနှင့် ဆက်သွယ်မေးမြန်းထားသည်။

    မေး ။ ။ NMSP-AD အနေနဲ့ အခုဆိုရင် လူထုတွေ့ဆုံဆွေးနွေးပွဲ ဆက်တိုက် လုပ်ဆောင်နေတာ တွေ့ရတယ်။ NMSP-AD အနေနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ လူထုတွေ့ဆုံပွဲတွေ လုပ်နေတာလဲဆိုတာလေး အရင်ဦးဆုံး ပြောပြပေးပါလား။

    ဖြေ ။ ။ ကျနော်တို့ NMSP-AD က အချိန်အခါကောင်းကို ရွေးပြီး ပြည်သူလူထု၊ အသင်းအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ မကြာခဏ လုပ်ဆောင်လေ့ရှိတယ်။ အထူးသဖြင့် ကျနော်တို့လှုပ်ရှားနေတဲ့ နယ်မြေဒေသတွေမှာပေါ့။ လူငယ်တွေ၊ အသင်းအဖွဲ့တွေ၊ အဖွဲ့အစည်းတွေ စတဲ့ နယ်ပယ်စုံက လူတွေနဲ့ တွေ့ဆုံပြီး အမြင်ဖလှယ်ကြတယ်ပေါ့။ ရည်ရွယ်ချက်ကတော့ ကျနော်တို့ရဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို ပြည်သူလူထုတွေကို တင်ပြသွားဖို့ရယ်၊ သူတို့ရဲ့ အကြံပေးချက်တွေ နားထောင် ဖို့ရယ်ပေါ့။

    မေး ။ ။ ဒီလူထုတွေ့ဆုံဆွေးနွေးပွဲမှာ ဘယ်လိုအကြောင်းအရာမျိုးတွေ တင်ပြဆွေးနွေးကြတာရှိလဲ။

    ဖြေ ။ ။ တွေ့ဆုံပွဲတွေမှာတော့ မွန်ပြည်သစ်ပါတီ NMSP-AD က အခုဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးတင်ပြတယ်။ ပြီးတော့ တစ်နိုင်ငံလုံးမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်းတယ်။ ဒီတိုက်ပွဲကလည်း မွန်ဒေသနဲ့ ဆက်စပ်နေတယ်။ ဒါတွေကို ရှေ့ဆက် ဘယ်လိုမျိုး ပြင်းထန်လာဖို့ ရှိလဲ။ ဘယ်လိုမျိုး ဖြစ်ပေါ်လာနိုင်တာလဲ။ အဲအကြောင်းအရာတွေလည်း ပါတယ်။ နောက်တစ်ခုကတော့ စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ ကျနော်တို့ NMSP-AD ရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေတွေ နိုင်ငံရေးအခြေအနေတွေကို ပြည်သူတွေ သိနိုင်ဖို့ ရှင်းလင်းတင်ပြတာ ဖြစ်ပါတယ်။

    မေး ။ ။ ပြည်သူလူထုဘက်ကရော မွန်ပြည်သစ်ပါတီ NMSP-AD အပေါ် ဘယ်လို သဘောထားရှိကြလဲ? NMSP-AD ကို ဘယ်လိုမျိုး တင်ပြဆွေးနွေးကြတာ ရှိလဲ။

    ဖြေ ။ ။ ပြည်သူတွေက သူ့ဒေသနဲ့သူ သူတို့သိလိုတာတွေကို မေးမြန်းပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာရင် ဘယ်လိုမျိုး ပြင်ဆင်ထားရမလဲဆိုတာတွေ၊ NMSP-AD ကရော ပြည်သူတွေကို ဘယ်လိုတာဝန်ယူမှု တာဝန်ခံယူပေးနိုင်လဲ စတဲ့ မေးခွန်းတွေ မေးမြန်းလေ့ရှိတယ်။ ဒီကာလက စစ်ပွဲကာလဖြစ်တယ်။ တချို့နေရာဒေသတွေကလည်း မူးယစ်ဆေးဝါးတွေ ကျယ်ပြန့်လာနေပါတယ်။ အာဏာမသိမ်းခင်ကထက် လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ပိုများလာတယ်။ ဒီအကြောင်းအရာတွေကိုလည်း ပြည်သူတွေက တင်ပြလာတာ ရှိတယ်။ ဒါတွေကိုရော NMSP-AD အနေနဲ့ ဘယ်လိုမျိုး ကိုင်တွယ်သွားမလဲ၊ ဘယ်လိုဆောင်ရွက်ပေးမလဲ စတာတွေကို အကြံပေး၊ တင်ပြလာကြတယ်။ တခြား သူတို့ မေးမြန်းချင်တဲ့ အကြောင်းအရာတွေကို ဒီတွေ့ဆုံပွဲမှာ အမေးအဖြေ လုပ်ကြပါတယ်။

    မေး ။ ။ NMSP-AD ရဲ့ လက်ရှိ စစ်ရေးလှုပ်ရှားမှု အခြေအနေကရော ဘယ်လိုရှိလဲ။

    ဖြေ ။ ။ ကျနော်တို့က တပ်ရင်းတွေ ဖွင့်ထားတာ ရှိတယ်။ ပြီးတော့ NMSP-AD တစ်ဖွဲ့တည်း လှုပ်ရှားနေတဲ့ နယ်မြေတွေလည်း ရှိတယ်။ တခြားအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျနော်တို့ လှုပ်ရှားနေတာလည်း ရှိတယ်။ စစ်အာဏာရှင် ပြုတ်ကျဖို့ ရည်မှန်းချက်ပန်းတိုင်တူညီနေတဲ့ တခြားတော်လှန်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲဝင်နေတာ ရှိတယ်။ ဒီနှစ်အတွက် ထူးခြားတဲ့တစ်ချက်က မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အားလုံး တိုက်ပွဲဖော်ဆောင်ဖို့ ပူးပေါင်းလာနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့လကစပြီး မွန်လက်နက်ကိုင်အဖွဲ့တွေနဲ့ အတူတကွ တိုက်ပွဲတွေ စတင်ဖော်ဆောင်ခဲ့တယ်။ မကြာခင်ရက်အတွင်းက အဘစ်တပ်စခန်း တိုက်ခိုက်မှုမှာလည်း မွန်ပူးပေါင်းအဖွဲ့တွေ အတူတကွ လုပ်ဆောင်ခဲ့ကြတာ ရှိတယ်။ ပြီးတော့ မော့ကနင်အနီးက စံပြကျေးရွာမှာလည်း မွန်တော်လှန်ရေးအဖွဲ့တွေအပြင် ပူးပေါင်းတပ်တွေနဲ့ အတူတကွ တိုက်ပွဲဖော်ဆောင်ခဲ့တာ ရှိတယ်။ ဒီလာမဲ့ ပွင့်လင်းရာသီမှာ ရန်သူဘက်ကလည်း အင်အားဖြည့်တင်းလာနေတာ ရှိတယ်။ ကျနော်တို့ကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်သွားဖို့ ရှိတယ်။

    မေး ။ ။ နောက်တခုအနေနဲ့က စစ်ကောင်စီက လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ရှိတယ်။ ဒီစစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ်မှာ NMSP-AD ရဲ့ သဘောထား ဘယ်လိုရှိနေလဲ။

    ဖြေ ။ ။ ဒီရွေးကောက်ပွဲက သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ်ပဲ ကျနော်တို့ မြင်ထားပါတယ်။ ဒီရွေးကောက်ပွဲကို အခြေခံပြီး နိုင်ငံတကာက အသိအမှတ်ပြုပေးတဲ့ တရားဝင်အစိုးရတစ်ရပ် ရမလားဆိုတဲ့ပုံစံနဲ့ သူတို့လုပ်နေတာ ဖြစ်တယ်။ ပြည်သူလူထုတွေ လိုလားတဲ့ ပြည်သူအစိုးရတစ်ရပ် ဖြစ်လာမှာ မဟုတ်ဘူး။ သူတို့ စစ်အာဏာရှင်တွေ သက်တမ်းတိုးနိုင်ဖို့ လုပ်နေတာလို့ မြင်တယ်။ ဒါကြောင့် စစ်အာဏာရှင်ကို အပြုတ်တိုက်နေကြတဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဒါတွေကို လုံးဝ လက်ခံစရာအကြောင်း မရှိဘူး။ ရွေးကောက်ပွဲကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာပဲ သူတို့လုပ်လာမှာ ဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲပြီးလို့ အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ဖိတ်ခေါ်လာရင်လည်း ကောင်းတဲ့အဖြေရလဒ်တစ်ခု မဖြစ်ပါဘူး။ ကျနော်တို့ နိုင်ငံမှာ တော်လှန်ရေးအဖွဲ့တွေရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော တကယ်လိုလားနေတာက ဒီရွေးကောက်ပွဲ မဟုတ်ဘူး။ မတရားအာဏာ သိမ်းယူထားတဲ့ စစ်အာဏာ ရှင် မြန်မြန်ပြုတ်ကျသွားဖို့ပါ။ ပထမခြေလှမ်းအနေနဲ့ ဒီစစ်အာဏာရှင်ကို တိုက်ဖြုတ်နိုင်မှ ပြည်သူကို ပြည်သူ့အစိုးရအုပ်ချုပ်တဲ့ တကယ့်အစစ်အမှန် ရွေးကောက်ပွဲကို လုပ်မှာ ဖြစ်တယ်။ ပြီးတော့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရမယ်ဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပေးဖို့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာတဲ့အချိန်မှ ဒီနိုင်ငံအတွက် အဖြေရလဒ်ကောင်းတစ်ခု ဖြစ်လာမှာ ဖြစ်တယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    30,900SubscribersSubscribe
    spot_img

    Latest posts