Homeသတင်းမွန်ဒေသထွက် ဝဥအစိုများ ဈေးကောင်းရရှိနေ

မွန်ဒေသထွက် ဝဥအစိုများ ဈေးကောင်းရရှိနေ

-

တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ယခုနှစ် မွန်ဒေသထွက် ဝဥအစို (အစိမ်း) များ ဈေးကောင်းရရှိနေသည်ဟု ဝဥလုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဝဥအစို (အစိမ်း) တစ်ပိဿာကို ငွေကျပ် ၁၁၀၀ ဝန်းကျင်သာ စျေးပေါက်နေရာ ဝဥစိုက်ပျိုး တောင်သူများအတွက် အရှုံးပေါ်ခဲ့ကြသည်။

“ဒီနှစ်ကတော့ ဈေးကောင်းတယ်၊ ရောင်းတဲ့အပေါ်မှာပဲ မူတည်တယ်။ နောက်ကျမှ ရောင်းတဲ့ သူက ၃၀၀၀ ကျော်ရတယ်ပေါ့၊ စောစောရောင်းတဲ့သူတွေက ၂၀၀၀ ကျော်ပဲရတယ်၊ မနှစ်က တစ်ပိဿာ ၁၂၀၀ က ဈေးအကောင်းဆုံးပဲ သတ်မှတ်ထားတယ်၊ အခုက ၃၂၀၀ ဈေးဆိုတော့ တော်တော်ဈေးကောင်းနေပြီ” ဟု ရေးမြို့ ခေါ်ဇာကျေးရွာမှ ဝဥစိုက်ပျိုးတောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အောက်တိုဘာလ ပထမအပတ်အတွင်းက ဝဥအစို (အစိမ်း) တစ်ပိဿာလျှင် ကျပ် ၂၃၀၀ နှင့် ၂၄၀၀ အကြား ဈေးပေါက်နေရာမှ အောက်တိုဘာလကုန်ပိုင်းအရောက်တွင် တစ်ပိဿာကို ငွေကျပ် ၃၃၀၀ ကျပ်ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာသည်ဟု ဆိုသည်။

“တရုတ်ဘက်က ဝဥအစိမ်းတွေ ဝယ်လိုအားကောင်းလာလို့ပေါ့၊ မနှစ်ကထက် ဈေး ၃ ဆ ပိုလာတယ်ဆိုတော့ တောင်သူဘက်က ကြည့်ရင် ဈေးကောင်းတယ်လို့ ခေါ်တာပေါ့၊ အဲဒါကြောင့် ရောင်းလိုအားတွေက တအားများလာတာပေါ့၊ ဒီနှစ်က ရေးဘက်ခြမ်း ဟံဂံတို့ ရင်းရယ်ရွာတို့ဘက်မှာ တောက်လျှောက် ခြံသမားတွေ အဆင်ပြေတယ်၊ အရမ်းရောင်းကြတယ်၊ ဈေးကောင်းလို့လေ” ဟု မွန်ပြည်နယ် ဝဥလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်ခိုင်မြင့်က ပြော သည်။

လက်ရှိအခြေအနေအရ တရုတ်နိုင်ငံသည် ဝဥအစို (အစိမ်း) ကိုသာ အဓိက ဦးစားပေး အရောင်းအဝယ်ပြုလုပ်နေပြီး ဝဥခြောက်ကို တရုတ်ပြည်သို့ တင်သွင်းခွင့်မရှိတာကြောင့် ဝဥခြောက်များ ဈေးနှန်း ကျဆင်းလျှက်ရှိသည်ဟု ဆိုသည်။

“ဝဥခြောက်ကို တရုတ်က မြန်မာနိုင်ငံအတွက် ကုန်သွယ်ခွင့် မပေးထားဘူး၊ ကုန်သွယ်ခွင့်ရတဲ့ နိုင်ငံတွေကို transition လုပ်ပြီးတော့မှ တရုတ်ထဲကို ပြန်သွင်းနေရတယ်။ အဲဒါကြောင့် ဝဥခြောက်က ဈေးသိပ်မကောင်းတာ၊ ဝဥအစိုကတော့ ဈေးကောင်းတယ်၊ နယ်စပ်ကနေပြီးတော့ တရုတ်ကို တရားဝင် ဝင်လို့ရတယ်၊ ကုန်သွယ်ခွင့်ရထားတာ အတွက်ကြောင့်မို့ သွားလို့ရတယ်” ဟု ဝဥလုပ်ငန်းရှင် ဦးကျော်ခိုင်မြင့်က ဆက်ပြောပြသည်။

မွန်ဒေသတွင် နှစ်စဥ် ဝဥခြောက် တန်ချိန် တစ်သောင်းဝန်းကျင်နှင့် ဝဥအစို (အစိမ်း) တန်ချိန် ခုနှစ်သောင်းဝန်းကျင် ထွက်ရှိနေပြီး ယခုနှစ်၏ ဝဥအထွက်နှုန်းသည် ယခင်နှစ်ထက် ပိုမိုများပြားလာကြောင်းလည်း သိရသည်။

မွန်ဒေသထွက် ဝဥအစို (အစိမ်း) ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရောင်းချပြီး ကျန်ရှိနေသည့် ၁၀ ရာခိုင်နှုန်းကို ထိုင်း၊ ဂျပန်နိုင်ငံသို့လည်း တင်ပို့နေကြသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts