တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲ ပိုမို ပြင်းထန်လာပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများလည်း တစ်လထက်တစ်လ ပိုမိုများပြားလာခဲ့သည်။
တိုက်ပွဲပြင်းထန်နေသည့် ဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံတို့ကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာအပြင် နေအိမ်များကိုလည်း မွှေနှောက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းကိုလည်း ဆက်တိုက်ပြုလုပ်လာခဲ့သည်။
ယင်းအခြေအနေကြောင့် တိုင်းအတွင်း စစ်ဘေးရှောင်အသစ်များ တိုးလာကာ စစ်ဘေးရှောင်တို့၏ အခြေအနေ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး ဒေါနတနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုအဖွဲ့မှ မြေပြင်တာဝန်ခံ ကိုယောနသံနှင့် ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ တနင်္သာရီတိုင်းအတွင်းက စစ်ရေးအခြေအနေနဲ့ စစ်ဘေးရှောင်တွေ ကြုံတွေ့နေရတဲ့အခက်အခဲနဲ့ စိုးရိမ်မှုတွေက ဘာတွေရှိမလဲ။
ဖြေ ။ ။ စစ်တပ်က ကျေးရွာတွေထဲကို စစ်ကြောင်းထိုးတာက တနင်္သာရီဒေသက မြို့နယ်တော်တော်များများမှာ လုပ်နေတာတွေရှိတယ်ပေါ့နော်။ အဆိုးရွားဆုံးကတော့ ကျွန်တော်တို့ ဒီပုလောမြို့နယ်ပေါ့။ ပုလောမြို့နယ် ဖြစ်မယ်လို့ ပြောလို့ရမယ် ထင်တယ်။ အခု ဒီကာလအတောအတွင်းမှာဆိုရင် ပုလောမြို့နယ်မှာ တော်တော်လေး စစ်ကြောင်းထိုးတာ ခံနေရတယ်။ ပြီးတော့ ပြည်သူတွေလဲ အများကြီး ရွှေ့ပြောင်းနေရတာမျိုးရှိတယ်ပေါ့။ ဒီပုလောမြို့နယ်ကကျတော့ ကျွန်တော်တို့ တနင်္သာရီဒေသထဲမှာဆိုရင် အမြဲတမ်းစစ်ရှောင်ရော ယာယီစစ်ရှောင်ရော အများဆုံးရှိတဲ့ မြို့နယ်လို့လည်း ပြောလို့ရတယ်။ အခုကလည်း ကျွန်တော်တို့ စစ်ရေးကလည်း တင်းမာနေတယ်။ ဒီတိုက်ပွဲတွေကလည်း ရက်ဆက်ပြီးတော့ ဖြစ်နေတဲ့အနေအထားမျိုးရှိတယ်ဆိုတော့ ပြည်သူတွေက နေရပ်မပြန်နိုင်ပဲ ဖြစ်နေတယ်ပေါ့။
ဆိုတော့ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ရွာတွေရွှေ့ရတယ်။ ကျွန်တော်တို့ ပြည်သူတွေ ပြောင်းပြီးမှ နေရတဲ့ အနေအထားမျိုးတွေမှာဆိုရင် အခုအချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့အတွက် သူတို့မှာက ဘယ်လို စိုးရိမ်ချက်တွေရှိလဲဆိုတော့ သူတို့ရဲ့ လုပ်ကိုင်စားသောက်ဖို့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ပြီးတော့ တခြားသော သူတို့ဘဝအတွက် လိုအပ်တဲ့ဟာတွေပေါ့နော် အဲ့လိုဟာတွေက သူတို့ရဲ့ နေရပ်မှာပဲ ရှိတယ်။ သူတို့ရဲ့ အိမ်မှာပဲ ကျန်နေခဲ့တာဖြစ်တယ်။ စစ်ကြောင်းထိုးတဲ့အချိန်မှာ ရုတ်တရက် ထွက်ပြေးရတယ် ပါသလောက်ပဲ ယူပြီးတော့ ရှောင်တိမ်းရတဲ့ အနေအထားမျိုးရှိတယ်ဆိုတော့ သူတို့မှာ အဲ့လိုမျိုးရှောင်ရဲ့ ရှောင်တိမ်းရတဲ့ အနေအထားရှိတယ်ဆိုတော့ သူတို့မှာ အဲ့လိုမျိုး ရှောင်ရတဲ့အချိန် ကြာလာတာနဲ့အမျှ သူတို့ရဲ့ စားဝတ်နေရေးပေါ့နော် နေ့စဥ်စားဝတ်နေရေးအတွက်တောင်မှပဲ အများကြီးပူပန်နေရတာမျိုးတွေ ရှိတယ်။ တချို့ဆိုရင် ခက်ခဲနေတာမျိုးတွေလည်းရှိတယ်။ တချို့ကကျတော့လည်း ပိုပြီးတော့ ဝေးလံခေါင်ဖျားတဲ့နေရာတွေ။ စားနပ်ရိက္ခာတို့ ဆေးဝါးတို့ သယ်ယူဖို့ ခက်ခဲတဲ့ ဒေသမျိုးတွေအထိ ရှောင်သွားတာမျိုးရှိတယ်ဆိုတော့ အဲ့လိုမျိုးနေရာတွေဆိုရင် ပိုပြီးတော့ ခက်ခဲပင်ပမ်းရတာမျိုးရှိတယ်ပေါ့။ နေ့စဥ်နဲ့အမျှ ကျွန်တော်တို့က စားသောက်ဖို့အတွက် ဆန်တောင်မှပဲ ဘယ်လိုပြောရမလဲ ဆန်တောင်မှပဲ ရအောင်အတွက် တော်တော်လေးကြိုးစားနေရတယ်။ တော်တော်လေး ပူပန်သောကရောက်နေရတယ်ဆိုတဲ့ အနေအထားမျိုးတော့ ရှိတယ်။
မေး ။ ။ စစ်ဘေးရှောင်စခန်းတွေမှာ ဘာတွေ လိုအပ်နေပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့ အဓိကစစ်ရှောင်စခန်းတွေမှာ အဓိက လိုအပ်ဆုံးအရာလို့ ပြောလို့ရှိရင်တော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာလို့ ပြောလို့ရပါတယ်။ ဆေးဝါးဆိုရင် အခုနောက်ပိုင်းမှာဆိုရင် ကျွန်တော်တို့က စျေးတွေလည်း ပိုပြီးတော့ မြင့်တက်လာတာရှိတယ်။ အရင်ကတည်းကနေပြီးလည်း ကျွန်တော်တို့ ဒီဆေးဝါးတွေ သယ်ယူဖို့က တော်တော်လေးခက်ခဲတဲ့ အနေအထားမျိုးလည်း ရှိတယ်။ ပြီးတော့ ဒီလိုအပ်တဲ့ ဆေးကိုလည်း ကျွန်တော်တို့က အလုံအလောက် သယ်ယူခွင့်မရတာမျိုးတွေ လုံးဝသယ်ယူဖို့ ပြတ်လပ်နေတာမျိုးတွေ ရှိတယ်။ တချို့စျေးတွေကျတော့ စျေးအရမ်းမြင့်လို့ မဝယ်နိုင်တဲ့ အနေအထားမျိုးလည်းရှိတယ်။ ဆိုတော့ ဆေးဝါးလိုအပ်ချက်လည်း တော်တော်လေးများပါတယ်။ ပြီးတော့ ဒီစားနပ်ရိက္ခာဆိုတာကလည်း ဘယ်လိုပြောမလဲ နေ့စဉ်နဲ့အမျှ လိုအပ်နေတာလည်း ဖြစ်တယ်။ ပြီးတော့ နေ့စဉ်နဲ့အမျှလည်း စစ်ဘေးရှောင်တွေမှာက သုံးစွဲနေရတဲ့ အနေအထားမျိုးဖြစ်တော့ လိုအပ်ချက်ကတော့ သူက ပြည့်စုံသွားတယ်လို့ မရှိဘူးပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ ဒီစားနပ်ရိက္ခာနဲ့ ဆေးဝါးက ကျတော့ အလိုအပ်ဆုံး အရာတွေလို့ ပြောလို့ ရပါတယ်။
မေး ။ ။ စစ်ဘေးရှောင်တွေအတွက် ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့နေရာမှ ဘယ်လိုအခက်အခဲမျိုး ကြုံတွေ့ရတာရှိလဲ။
ဖြေ ။ ။ ပုလောနဲ့ တနင်္သာမြို့နယ်ရီဆိုရင် ကျွန်တော်တို့ စစ်အုပ်ချုပ်ရေး ကြေညာထားတာကြာပြီပေါ့နော်။ ဒီစစ်အုပ်ချုပ်ရေး ကြေညာထားတာနဲ့အမျှ ဒီကုန်စည်သယ်ယူခွင့်တွေကိုလည်း သူတို့က တခြားဒေသတွေထက် ပိုပြီးတော့ တင်းကြပ်ထားတာမျိုး ရှိတယ်ပေါ့။ ဒါပေမဲ့ တခြားဒေသတွေကကျတော့လည်း လိုအပ်သလောက် ကျွန်တော်တို့ သယ်ယူလို့ရလားဆိုတော့လည်း မဟုတ်ဘူးပေါ့။ တခြားဒေသတွေလည်း ကျွန်တော်တို့က စစ်အုပ်ချုပ်ရေး မကြေညာထားသော်ငြားလည်း ဒီစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေက သယ်ယူဖို့အတွက် ကန့်သတ်ထားတာမျိုးတွေ ရှိတယ်ပေါ့နော်။ တချို့ပစ္စည်းတွေဆိုရင် ကျွန်တော်တို့ ဆန်ဆိုရင် ကားတစ်စီးကို ၅ အိတ်ထက်ပိုပြီး မသယ်ရဘူးဆိုတဲ့ဟာမျိုး။ သယ်ခွင့်မပြုဘူးဆိုတဲ့ဟာမျိုးတွေနဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိတယ်ပေါ့။ သူတို့ကို အဲ့ဒီလိုမျိုးထက်ပိုပြီး သယ်လို့ရှိရင် သူတို့ဘက်က ရစ်တာမျိုးတွေ ပြီးတော့ ပိုက်ဆံတွေ ဘာတွေ တောင်းတာမျိုးတွေပေါ့နော် အမျိုးမျိုး ဖိနှိပ်ခံရတာမျိုးတွေ ရှိတယ်ပေါ့။
မေး ။ ။ တနင်္သာရီတိုင်းအတွင်းမှာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်တဲ့နေရာမှာ စစ်ကောင်စီဘက် ဘယ်လိုမျိုး တင်းကြပ်ထားတာရှိလဲခင်ဗျ။
ဖြေ ။ ။ ဒီကုန်စည်သယ်ယူခွင့်နဲ့ ပတ်သက်ပြီး တင်းကြပ်တဲ့ ပုံစံကကျတော့ ကျွန်တော်တို့ ဘယ်လိုပြောရမလဲ စစ်ဆေးရေးဂိတ် မတူတာနဲ့အမျှ တင်းကြပ်တဲ့ပုံစံတွေကလည်း မတူဘူးလို့ ပြောလို့ရတယ်။ ထားပါတော့ ကျွန်တော်တို့ဆို စစ်ဆေးရေးဂိတ်တစ်ခုက ခွင့်ပြုလိုက်တယ်။ သယ်ယူခွင့်ပြုလိုက်တယ်ဆိုရင်တောင်မှပဲ နောက်ထပ်စစ်ဆေးရေးဂိတ်တခုကို ရောက်လို့ရှိရင် အဲ့တာတွေကို သိမ်းတာမျိုးတွေ သယ်ယူခွင့်မပြုတာမျိုးတွေ အမျိုးမျိုးဖိနှိပ်တာမျိုးတွေ အဲ့လိုမျိုးတွေ လုပ်တယ်ပေါ့။ ဆိုတော့ ကျွန်တော်တို့မှာ စစ်ဘေးရှောင်နေရာတွေကို ရောက်ဖို့ဆိုရင် ဒီကုန်စည်တွေကို သယ်ယူရတာသည် အဲဒီစစ်ဆေးရေးဂိတ်တွေကို အများကြီး ဖြတ်ရတာမျိုးတွေ ရှိတယ်ပေါ့နော်။ ကြားထဲမှာ စစ်ဆေးရေးဂိတ် တစ်ခုတောင်မှပဲ ဒီလိုမျိုး အသိမ်းခံရနိုင်တယ်။ ပစ္စည်းတွေကို လုံးဝ သယ်ယူခွင့်မပြုဘဲနဲ့ တားမြစ်ခံလိုက်ရတာမျိုးတွေ ရှိတဲ့အတွက်ကြောင့် ကုန်ပစ္စည်းတွေ သယ်ယူတဲ့အချိန်မှာ ကျွန်တော်တို့ အမျိုးမျိုးပဲ ပူပန်နေရတယ်ပေါ့နော်။ ကျွန်တော်တို့ဆီကို ကုန်စည်ရောက်လာပြီဆိုမှပဲ ဒီလောက်ကတော့ ရောက်လာတယ်။ ဒီလောက်ကတော့ ရပြီဆိုပြီး စိတ်အေးရတဲ့ အနေအထားမျိုးတွေ ရှိတယ်ပေါ့။