မွန်ပြည်နယ်အတွင်း မြဝတီနှင့် ဘုရားသုံးဆူနယ်စပ်မှ တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီအဖွဲ့က လိုက်လံဖမ်းဆီးမှု ပြုလုပ်နေခြင်းကြောင့် ထိုင်းထုတ် စားသုံးဆီးများ စျေးတက်လာကြောင်း စားသုံးသူနှင့် ကုန်သည်တို့ထံမှ သိရသည်။
ထိုင်းနိုင်ငံထုတ် စားသုံးဆီများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က မြို့အဝင်၊ အထွက်နေရာတို့တွင် အဓိကစစ်ဆေးနေပြီး သိမ်းယူမှု ပြုလုပ်နေကြောင်း ကုန်သည်တို့ထံမှ သိရသည်။
ထိုသို့ဖမ်းဆီးနေမှုကြောင့် ဈေးကွက်အတွင်း ထိုင်းနိုင်ငံထုတ် စားသုံးဆီများ အမျိုးအစားပေါ်မူတည်ပြီး စျေးတက်သွားသည်ဟု အိမ်ရှင်မတို့ထံမှ သိရသည်။
“ဆီဈေးတွေက စျေးတက်နေတယ်။ ဒီတလော ယိုဒယားက ပစ္စည်းတွေ လိုက်ဖမ်းနေကတည်းက စတက်နေတာ။ အရင်က ထိုင်းကလာတဲ့ ဆီအထုတ်နဲ့က ၇၃၀၀ ကနေ ၈၀၀၀ ဖြစ်လာတယ်။ တစ်လီတာဗူးတွေဆိုရင် ၁၀၀၀ ကျော်လောက် တက်သွားတယ်” ဟု မုဒုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံထုတ် ပုဇွန်နှစ်ကောင်တံဆိပ် စားသုံးဆီသည် နိုင်ငံခြားသွင်းကုန်လိုင်စင်နှင့် တင်သွင်းခွင့်မပြုနိုင်သည့် ပစ္စည်းများဖြစ်နေခြင်းကြောင့် အဓိကဖမ်းဆီးခြင်းပြုလုပ်နေသည်ဟု သိရသည်။
မော်လမြိုင်-ဘုရားသုံးဆူ ကုန်သည်တစ်ဦးက “ဖမ်းတယ်ဆိုတာကလည်း ကားပေါ်မှာရှိတဲ့ပစ္စည်းတိုင်းကို ယူသွားတာမဟုတ်ဘူး။ သူတို့ အဓိကယူတာ အဲဒီ ထိုင်းထုတ် ပုဇွန်းနှစ်ကောင်ဆီ အဲ့တာတွေပဲဖမ်းတာ။ ကျန်တဲ့ဟာက အကုန်လုံးပြန်ပေးတယ်။ အဲဒီဈေးထဲမှာ ဝင်စစ်ရင်လည်း အခြားပစ္စည်းတွေ မယူဘူးလေ။ ပုဇွန်နှစ်ကောင်ဆီ တစ်မျိုးပဲ သိမ်းသွားတယ်” ဟု ဆိုသည်။
ဒုဗိုလ်ချုပ်ကြီးစိုးဝင်းက နိုင်ငံခြားသွင်းကုန်လိုင်စင်နှင့် တင်သွင်းခွင့်မပြုနိုင်သည့် ပစ္စည်းများကို လိုက်လံစစ်ဆေးဖမ်းဆီးရန်၊ ဈေးကွက်များထိပါ ကွင်းဆင်း၍ ဖမ်းဆီးစစ်ဆေးရန် ညွှန်ကြားလိုက်သည့် အောက်တိုဘာလ ၉ ရက်နေ့နောက်ပိုင်း မွန်ပြည်နယ်တွင် ထိုင်းကုန်ပစ္စည်းများ အဖမ်းဆီးကြမ်းလာခဲ့သည်။
စစ်ကောင်စီက ပွဲရုံ၊ ဂိုဒေါင်နှင့် ဈေးဆိုင်းတို့တွင် ထိုင်းကုန်ပစ္စည်းများ လိုက်လံသိမ်းယူနေသည့်အပြင် နယ်စပ်လမ်းကြောင်းမှ တင်းသွင်းနေသည့် ထိုင်းကုန်ပစ္စည်းများကိုလည်း ဖမ်းဆီးမှု ပြုလုပ်နေကြောင်း သိရသည်။