Sunday, March 8, 2026
More
    spot_img
    Homeသတင်းလုံခြုံရေးကြောင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်သူ နည်းလာ

    လုံခြုံရေးကြောင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်သူ နည်းလာ

    -

    မွန်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတို့ကို စစ်ကောင်စီက နိုင်ငံရေးနှင့် ပတ်သတ်ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးထောင်ချမှု ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်သူ နည်းပါးလာသည်ဟု သိရသည်။

    ပုံမှန်အားဖြင့် လူမှုကူညီရေးအသင်းတစ်သင်းတွင် အသင်းသား ၂၀ နီးပါးထိရှိသော်လည်း လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ပါဝင်ဆောင်ရွက်သည့် အသင်းသား နည်းလာပြီး လက်ရှိတွင် အသင်းဝင် ဆယ်ဂဏန်းပင် မပြည့်တော့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ ပြောဆိုချက်အရ သိရသည်။

    ယင်းကြောင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ လည်ပတ်ရုံမျှသာ လုပ်ဆောင်နေရသည်ဟု ကျိုက်ထိုမှ လူမှုကူညီရေးသမားတစ်ဦးက ဆိုသည်။

    “အသင်းတွေ နားလိုက်တာမရှိဘူး။ အဖွဲ့အစည်းက အဖွဲ့အစည်းပဲ။ လက်ရှိအကုန်လုံး အဆင်ပြေသလိုလုပ်နေကြတာပဲ။ ဖမ်းဆီးခံလိုက်ရတဲ့သူတွေကြောင့် ပရဟိတလူငယ်တွေက သူတို့ကြောက်ပြီးတော့ မဝင်တော့တာလည်း ရှိတယ်။ အသင်းတစ်ခုလုံး နားလိုက်တာမဟုတ်ဘူး။ လူအနေနဲ့ ကြောက်လို့ဆိုပြီး ခေတ္တခဏ အနားယူလိုက်တယ်ပေါ့။ လုပ်တဲ့သူတွေက ဆက်လုပ်နေတယ်။ နားတဲ့သူတွေက နားလိုက်ပြီးပေါ့” ဟု ၎င်းက ပြောသည်။

    အသင်းအဖွဲ့အတွင်း ပါဝင်လှုပ်ရှားသည့် လူအရေအတွက်နည်းလာသည်နှင့်အမျှ ကူညီကယ်ဆယ်ရေးလုပ်ငန်းလည်း နှောင့်နှေးကြန့်ကြာလာသည်ဟု ဆိုသည်။

    လက်ရှိအချိန်ထိ မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် လူမှုကူညီရေးအဖွဲ့ဝင် အယောက်နှစ်ဆယ်ခန့်ရှိပြီး ၈ ဦးခန့်သည် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု နီးစပ်သူတို့ထံမှ သိရသည်။

    လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုထားသည့် စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ငန်းဆောင်ရွက်နေရပြီး စိန်ခေါ်မှုများစွာရှိနေသည်ဟု ရေးမြို့မှ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “စစ်ကောင်စီက ဥပဒေချထားတာတော့မရှိပါဘူး။ ဒါမဲ့ အစည်းအဝေးတက်ရင် တော်လှန်ရေးအဖွဲ့တွေနဲ့ မပတ်သက်နဲ့ မထောက်ပံ့နဲ့ အဲ့လိုတွေပေါ့။ ကိုယ်တွေက မပတ်သက်လို့လည်းမရဘူး။ ကရင်ရွာတွေကြား သွားလာနေရတော့ ဟိုဘက်အဖွဲ့( တော်လှန်ရေးအဖွဲ့ )ဘက်က ခဏနေ ကားပေါ်ပြေးတက်တာနဲ့။ ကားလိုက်စီး တာနဲ့ သွားတဲ့ချိန်မှာ လမ်းတွေကြားမှာ ခဏခဏကြုံနေရတယ်လေ။ သူတို့နှစ်ဖက်ကြားမှာ ကိုယ်ကပဲ စိတ်ပင်ပန်းနေရတယ်” ဟု လူမှုကူညီရေးအဖွဲ့ဝင်က ပြောသည်။

    လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များအနေဖြင့် ညအချိန် အရေးပေါ်လူနာပို့ရမည်ဆိုပါက စစ်ကောင်စီတာဝန်ရှိသူတို့ထံ သတင်းပေးရသည့်အပြင် တော်လှန်ရေးအဖွဲ့ရှိရာနေရာကို သွားရာက် ကူညီကယ်ဆယ်ခြင်းမပြုရန် ပြောဆိုထားရကြောင်း သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ကပင် သံဖြူဇရပ်မြို့၊ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဌအပါအဝင် အသင်းသား ၃ ဦးကို PDF ကို ထောက်ပံ့သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။

    ဇွန်လအတွင်းကလည်း ကျိုက်ထိုအခြေစိုက် “ကော့စနိုင် “လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် ဦးမြင်အောင်၊ သမီးဖြစ်သူ မချောစုရတနာနှင့် အဖွဲ့ဝင် ၂ ဦးတို့ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။

    အလားတူ လမိုင်းမြို့အခြေစိုက် လမိုင်းလူငယ်ပရဟိအဖွဲ့ ဥက္ကဌအပါအဝင် အဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည့်အပြင် သံဖြူဇရပ်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်းက လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တို့ကို စစ်ကောင်စီက မကြာခဏဖမ်းဆီးစစ်ဆေးလေ့ရှိသည်။

    ယင်းအခြေအနေများကြောင့် လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့အချို့ လုပ်ငန်းရပ်ဆိုင်းလာရခြင်း၊ အသင်းသားနည်းပါးလာခြင်းကြောင့် ကူညီကယ်ဆယ်ရေးအပိုင်းတွင် ကောင်းမွန်စွာ မလုပ်ကိုင်နိုင်သည့်အတွက် အသက်မဆုံးရှုံးသင့်ပဲ အသက်ဆုံးရှုံးခဲ့ရသည့် လူနာလည်း ရှိလာသည်ဟု လူမှုကူညီကယ်ဆယ်လုပ်နေသူတို့က ဆိုသည်။

    စစ်ကောင်စီ မွန်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီးဌာန ဦးစောကြည်နိုင်ကတော့ ပြည်နယ်အတွင်း လူမှုကူညီရေးအသင်းဝင်များ ဖမ်းဆီးခံရသည့်အကြောင်း မကြားမိသလို တားဆီးပိတ်ပင်မှုလည်း မရှိကြောင်း RFA သတင်းဌာနကို ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks