Homeသတင်းအနန်းကွင်းဗျုဟာတပ်စခန်းကို ပိတ်ဆို့တိုက်ခိုက်၊ စစ်ကောင်စီတပ်ဝင်အချို့ ထွက်ပြေး

အနန်းကွင်းဗျုဟာတပ်စခန်းကို ပိတ်ဆို့တိုက်ခိုက်၊ စစ်ကောင်စီတပ်ဝင်အချို့ ထွက်ပြေး

-

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပိုင်းပေါ်က အနန်းကွင်းဗျုဟာ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ပိတ်ဆို့တိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စခန်းစွန့်ခွာကာ ထွက်ပြေးသွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

အနန်းကွင်းဗျုဟာတပ်စခန်းကို ပြီးခဲ့သည့် သြဂုတ်လလယ်ခန့်မှ စတင်၍ တော်လှန်ရေးပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ အောက်တိုဘာလထိ ၃ လကြာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

“စစ်ကြောင်းထိုးလာတာ ရှိတယ်။ ထိုးလာတဲ့ စစ်ကြောင်းကို ပိတ်ဆို့ထားပါတယ်။ ဒါကြောင့် အခုထိတော့ သူတို့(စစ်တပ်) သွားချင်တဲ့နေရာကို မရောက်နိုင်သေးပါဘူး။ ပြီးတော့ ဗျုဟာစခန်းထဲက စကစဘက် တပ်ဖွဲ့ဝင်တွေ စခန်းကနေ ထွက်ပြေးသွားတာ ရှိတယ်။ တော်လှန်ရေးအဖွဲ့တွေမှာ လက်နက်ချ အလင်းဝင်းတဲ့သူတွေလည်း ရှိလာတယ်” ဟု အနန်းကွင်းဗျုဟာတပ်စခန်းတိုက်ခိုက်မှုတွင် ပါဝင်နေသည့် နဂါးနီစစ်ကြောင်း၊ တပ်ခွဲ-၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အနန်းကွင်းဗျုဟာတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပိတ်ဆို့တိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ကူပေးပြီး၊ ပိတ်ဆို့ခံထားရသည့်စခန်းရှိ တပ်ဖွဲ့ဝင်များအတွက် ခဲယမ်းရိက္ခာများကို လေကြောင်းဖြင့် ချပေးနေသည်လည်း ရှိသည်။

“အခုအခြေအနေက နေ့ခင်းဘက်ဆို ငြိမ်တယ်။ ညဘက်ဆိုရင်တော့ လက်နက်ကြီးတွေနဲ့ သူတို့ (စစ်တပ်) ပစ်ခတ်လာတယ်။ အထူးသဖြင့် ညဘက်ဆို အပြန်အလှန် ပစ်ခတ်ဖြစ်ကြတာ များတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

အနန်းကွင်းဗျုဟာတပ်စခန်းသည် စစ်ကောင်စီအတွက် အရေးပါသည့် ခြေကုတ်စခန်းဖြစ်တာကြောင့် စခန်းမကျရေးအတွက် စစ်ကောင်စီ အမတ (၃၁၈)၊ အမတ (၃၁၅)၊ ခမရ (၅၈၃)၊ ခမရ (၅၈၇) တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး လေကြောင်း တိုက်ခိုက်မှုများလည်း မကြာခဏ အသုံးပြုတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

အနန်းကွင်းဗျုဟာတပ်စခန်းသည် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပိုင်းပေါ်တွင်ရှိပြီး စစ်ကောင်စီအတွက် အရေးပါသည့် တပ်စခန်းတစ်ခုဖြစ်ကာ ပြီးခဲ့သည့် မေလအတွင်းက ထိုလမ်းပေါ်တွင်ရှိသည့် တောင်စွန်းတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း အနန်းကွင်းဗျုဟာတပ်စခန်းနှင့် နီးသည့် လွတ်ရှမ်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိတွင် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပိုင်းပေါ်က စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း ဖြစ်သည့် အနန်းကွင်းဗျုဟာတပ်စခန်းတွင် ဖြစ်ပေါ်နေသည့် စခန်းသိမ်းတိုက်ပွဲကြောင့် အနန်းကွင်းရွာအပါအဝင် အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သည့် လွတ်ရှမ်း၊ တညင်၊ ဖာယာ၊ ပုတော၊ ပန်းအောင် စသည့် ကျေးရွာ ၁၀ ရွာခန့်က လူဦးရေးထောင်နှင့်ချီ နေအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့ထိ နေရပ်မပြန်ကြသေးကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts