Homeသတင်းလမ်းကြောင်း ပိတ်ဆို့ခံထားရသည့် တနသာႅရီတိုင်း ဒေသအချို့ ရိက္ခာပြတ်နေဟု ဆို

လမ်းကြောင်း ပိတ်ဆို့ခံထားရသည့် တနသာႅရီတိုင်း ဒေသအချို့ ရိက္ခာပြတ်နေဟု ဆို

-

တိုက်ပွဲများပြင်းထန်နေသော တနသာႅရီတိုင်းဒေသကြီးရှိ မြို့နယ်အချို့ကို စစ်ကောင်စီက လမ်းကြောင်း ပိတ်ဆို့ထားလိုက်ရာ စားနပ်ရိက္ခာပြတ်လပ်သည့် အခြေအနေနှင့် ကြုံတွေ့နေရပြီး ကုန်စျေးနှုန် အဆမတန်မြင့်တက်နေကြောင်း စစ်ရှောင်များအရေး အကူအညီပေးနေသူတို့က ပြောသည်။

ပုံစာ – တနသာႅရီတိုင်းတွင် တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာနေကြရသည့် ပြည်သူအချို့အား တွေ့ရစဥ် (နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုရေးအဖွဲ့)

တနသာႅရီတိုင်းဒေသကြီးရှိ ထားဝယ်၊ တနသာႅရီနှင့် လောင်းလုံးမြို့နယ်တို့တွင် စစ်ရှောင်များ အတွက် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရန် အသုံးပြုနေသည့် ဘန်လောတောလမ်း၊ ကရင်ကြီး တောလမ်းနှင့် ထုံတော်လမ်းတို့ကို စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး စစ်ကောင်စီက ပိတ်ဆို့လိုက်သည်ဟု ဆိုသည်။

“အားလုံး ဘာမှ သယ်လို့ မရဘူး၊ စားနပ်ရိက္ခာတွေရယ်၊ အသုံးဆောင်ပစ္စည်းတွေရယ် အရင်က ဆို မှောင်ခိုလမ်းကနေ သယ်ကြတာလေ၊ အဲဒီမှောင်ခိုးလမ်းတောင်မှ စစ်တပ်က သိသွားပြီး သူတို့ပိတ်လိုက်တော့ အစ်မတို့ ရွာထဲမှာ ဆန်တွေလည်း မရှိတော့ဘူး” ဟု စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသူ မငြိမ်းက ပြောသည်။

စားနပ်ရိက္ခာသယ်ဆောင်နေသည့် လမ်းကြောင်းများ ပိတ်ဆို့ထားမှုကြောင့် ဒေသအတွင်း ဆန် ဈေးနှုန်းအပါအဝင် အထွေထွေကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာကြောင်း၊ စစ်ကောင်စီ ထိန်းချုပ်သည့် ကျေးရွာအချို့ရှိ စျေးဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ဆန်ရောင်း ချပေးနေကြောင်း သိရသည်။

“စစ်တပ်ရှိတဲ့ရွာတွေမှာ ဆန်ရှိတယ်လေး၊ အဲဒီရွာမှာ ဆန်သွားဝယ်မယ်ဆိုရင် အိမ်ထောင်စု တစ်စုအတွက် ဆန်တစ်ပြည်ကို တစ်ပတ်စာ အဲလိုမျိုးပဲ ရောင်းပေးတယ်။ ဆန်တစ်အိတ်တို့လို မျိုးဆိုရင် မရဘူး” ဟု မငြိမ်းက ဆက်ပြောသည်။

လက်ရှိတွင် ဆန်ကြမ်းအုပ်စုဝင် တစ်ပြည် ၂၅၀၀ ကျပ်၊ ဆန်ချောအုပ်စုဝင် တစ်ပြည် ၇၅၀၀ ကျပ်ရှိပြီး စားဆီတစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၁၆၀၀၀ ကျပ်နှင့် ကြက်ဥတစ်လုံး ၁၀၀၀ ကျပ်အထိ ဝယ်ယူနေရသည်ဟု ဆိုသည်။

ထို့အပြင် တနသာႅရီမြို့နယ်ရှိ ခြောက်မိုင်၊ ထုံထော်၊ ဘန်လောစသည့်ကျေးရွာတို့တွင် စစ်ကောင် စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး နေရပ်မပြန်နိုင် သေးသည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာပြတ်လပ်မည့်အခြေအနေနှင့် ရင်ဆိုင်နေရ ကြောင်း သိရသည်။

“၁၅ ရက်စာတော့ အစ်မတို့ထောက်ပံ့ထားတယ်၊ ကျန်တဲ့ရက်တွေအတွက်ကို အစ်မတို့ မထောက်ပံ့နိုင်သေးဘူးဖြစ်နေတယ်။ သူတို့က (စစ်ရှောင်း) အလုပ်တွေ လုပ်ပြီးမှ ပြန်စုပြီး စားကြတယ်၊ သူတို့လည်း ပင်ပန်နေကြပြီး” ဟု နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခပြင်းထန်လာသည့် တနသာႅရီတိုင်း ဒေသကြီးတွင် လက်ရှိ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၆ သောင်းကျော်အထိ ရှိကြောင်း တနသာႅရီအခြေစိုက် လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများ လေ့လာမှတ်တမ်းတင်နေသည့် FE5 Thanintharyi ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts