spot_img
Friday, February 14, 2025
More
    spot_img
    Homeသတင်းတရုတ်စိတ်ကြိုက်ခြယ်လှယ်နေသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ

    တရုတ်စိတ်ကြိုက်ခြယ်လှယ်နေသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ

    -

    မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် နယ်နိမိတ်ချင်း ၁၃၄၈ မိုင်အထိ ထိစပ်နေပြီး နယ်စပ်မျဉ်တလျှောက်တွင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ် ၅ ဂိတ်ထက်မနည်း ရှိနေသည်။

    တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ်များအဖြစ် ရှမ်းပြည်နယ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ ကျိုင်းတုံနှင့် ကချင်ပြည်နယ်ရှိ လွယ်ဂျယ်နှင့် ကန်ပိုက်တီတို့ဖြစ်သည်။

    ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ ရှိသည့်အလျောက် အဆိုပါအဖွဲ့များ၏ ဌာနချုပ်များနှင့် ဆက်သွယ်ထားသည့် နယ်စပ်ဂိတ်များလည်း ရှိနေပေသည်။

    နယ်စပ်ကုန်သွယ်ရေးဂိတ်များ သိမ်းပိုက်ခံရခြင်း

    တရုတ်-မြန်မာ တရားဝင် နယ်စပ်ဂိတ် ၅ ခုရှိသည့်အနက် မူဆယ်၊ ချင်းရွှေဟော်နှင့် လွယ်ဂျယ်ဂိတ်များကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းပိုက်ထားပြီး ကန်ပိုက်တီဂိတ်အနီးတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

    မူဆယ်မြို့နှင့် ၇ မိုင်အကွာတွင်ရှိသည့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ် ညီနောင် သုံးဖွဲ့တို့ကြား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ကာ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

    ထို ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ကုန်သွယ်ရေးဇုန်ကို ထိန်းချုပ်လိုက်ပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဂိတ် ရပ်ဆိုင်းခဲ့ရသည်။

    ၎င်းပြင် ချင်းရွေဟော်မြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က စစ်ဆင်ရေးပထမနေ့တွင် သိမ်းပိုက်ထိန်းချုပ်လိုက်သည်။

    မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်သည် တရုတ်နှင့် မြန်မာကြား အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး ဂိတ်များ ဖြစ်ကြသည်။

    အလားတူ ကချင်ပြည်နယ် မိုးမောက်နှင့် လွယ်ဂျယ်လမ်းတလျှောက်ရှိ ဆဒုံးမြို့အပါအဝင် ယောယုံဗျူဟာကုန်းကို ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA က သိမ်းပိုက်ပြီးနောက် လွယ်ဂျယ်မြို့ကိုလည်း စစ်ကောင်စီက အသာတကျည် လက်လွှတ်ခဲ့ရသည်။

    ၂၀၂၄ ခုနှစ် မေလ ၂၉ ၇က်နေ့တွင် KIA က လွယ်ဂျယ်မြို့သို့ ဝင်ရောက်ထိန်းချုပ်လိုက်ပြီး လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုပါ သိမ်းပိုက်ခဲ့သည်။

    လွယ်ဂျယ်မှ ကုန်သည်တစ်ဦးက “တရုတ်နဲ့ KIA ဘက်က ဂိတ်ကို ဖွင့်ပေးရင် စစ်တပ်က ဂိတ်ကို မဖွင့်ပေးဘူးဗျ။ လွယ်ဂျယ်ကနေ ကုန်တွေသယ်လာတယ်။ ဗန်းမော်ကိုပေးမဝင်ဘူး။ နယ်စပ်ကုန်သွယ်ရေး အင်မီဂရေးရှင်းက တံဆိပ်တုန်းမပါလို့ဆိုပြီး ဖမ်းတယ်။ အဲဒီမှာက စစ်တပ်က မရှိတော့ ကျွန်တော်တို့ကို တံဆိပ်တုန်းထုပေးမဲ့လူလည်း မရှိဘူးလေ။ အခုလို အဖမ်းခံရတော့ တနိုင်တပိုင်ကလွဲပြီး ဆယ်ဘီးကား၊ ၁၂ ဘီးကားတွေနဲ့ ကုန်သယ်တာ မရှိသလောက်ဖြစ်ပါတယ်” ဟု ဆိုသည်။

    ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ကချင်ပြည်နယ်အထူးဒေသ (၁)၊ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK) နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ နယ်မြေတွင် တည်ရှိသည်။

    ၁၀၀၃ နယ်ခြားစောင့်တပ်နယ်မြေရှိ BGF ၏ ဌာနချုပ်ကို KIA က အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သောကြောင့် ကန်ပိုက်တီမြို့သာ ဆက်လက်သိမ်းပိုက်ရန် ကျန်တော့သည်။

    KIA သိမ်းပိုက်လိုက်သည့် ၁၀၀၃ နယ်ခြားစောင့်တပ် ဌာနချုပ်နှင့် ကန်ပိုက်တီနယ်စပ်ဂိတ်ကြားတွင် ကာကင်းစခန်းအချို့သာ ကျန်ကြောင်း KIA က အတည်ပြုသည်။

    စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်ထားဆဲ ကျိုင်းတုံနယ်စပ်ဂိတ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားလက်နက်ကိုင်အဖွဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ၏ ဒေသတွင်ရှိနေသည်။

    စစ်ကောင်စီသည် ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးဂိတ်ကို အသုံးပြုနိုင်ရေး ကျိုင်းတုံ-မိုင်းလား လမ်းကြောင်မှ တဆင့် ကုန်သွယ်နေရခြင်း ဖြစ်သည်။

    တရုတ်၏ နယ်စပ်ဂိတ် ဖိအားပေးမှုများ

    တရုတ်အစိုးရ အနေဖြင့် စစ်ကောင်စီနှင့်သာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးများ ဖြစ်ကြသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA)၊ KIA၊ MNDAA တို့နှင့်ပါ စဉ်ဆက်မပြတ် ဆက်ဆံရေးရှိနေသည်ဟု ဆိုနိုင်ပေသည်။

    ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် နယ်စပ်ဂိတ်များ သိမ်းပိုက်ပြီးနောက် မူဆယ်မြို့ကို တိုက်မည့်အချိန်တွင် တရုတ်အစိုးရက စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အား တရုတ်နိုင်ငံသို့ ခေါ်ယူကာ ဟိုင်ဂင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးစေခဲ့သည်။

    သဘောတူ ညီမှုများရရှိပြီးနောက် ချင်းရွှေဟော်ဂိတ်နှင့် မူဆယ်ဂိတ်ကို တရုတ်နှင့် MNDAA တို့ဘက်မှ ဖွင့်ပေးခဲ့သော်လည်း နယ်စပ်ကုန်သွယ်မှု မရှိခဲ့ပေ။

    ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ပြီးနောက် တရုတ်၏ ဖိအားများကို ပိုမိုမြင်တွေ့လာရသည်။

    Myanmar Now သတင်းဌာန၏ ဖော်ပြချက်အရ တရုတ်အစိုးရအနေဖြင့် ဝပြည်နှင့် ကိုးကန့်နယ်မြေကြား ကုန်စည်စီးဆင်းမှုကို တင်းကြပ်ဖို့ ဖိအားပေးသလို မလုပ်ဆောင်ပါက တရုတ်နှင့် ဝပြည်နယ်ကြား ကုန်သွယ်မှုကိုပါ တင်းကြပ်မည်ဟု ပြောဆိုထားသည်။

    ထို့ပြင် တရုတ်နှင့် ကိုးကန့်ဒေသကြားရှိသည့် လောက်ကိုင်မြို့ ရန်လုံကျိုင်းဂိတ်ကိုပါ တရုတ်ဘက်က ပိတ်ပင်ထားပြီး အောက်တိုဘာလ ၂၂ ရက်နေ့ ညတွင်လည်း မူဆယ်ဂိတ်ကို တရုတ်ဘက်က ပိတ်ပင်လိုက်သည်။

    ကချင်ပြည်နယ်ရှိ လွယ်ဂျယ်နှင့် ကန်ပိုက်တီဂိတ်ကိုတော့ ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ထိ ပိတ်ပင်ခြင်းမရှိသေးပေ။

    သို့ရာတွင် တရုတ်အစိုးရက KIA ဥက္ကဌအား တရုတ်နိုင်ငံသို့ ခေါ်ယူတွေ့ဆုံကာ ကချင်အထူး ဒေသ ၁ နှင့် ဖော်ဆောင်နေသည့် စစ်ဆင်ရေးများအား ရပ်တန့်ရန် သတိပေးခဲ့ကြောင်း သိရသည်။

    KIA ဌာနချုပ်ရှိ သတင်းရင်းမြစ်က “တရုတ်က အလွတ်သဘော ပြောတာတွေရော၊ ခေါ်ပြောတာတွေရောက ရှိပါတယ် အရင်ထဲက။ အဓိကက နယ်စပ်မှာ တိုက်ပွဲတွေ မဖြစ်ဖို့နဲ့ မြန်မာအစိုးရပေါ့ သူတို့နဲ့တိုက်ပွဲ မဖြစ်ဖို့ အမြဲပြောတယ်”ဟု ဆိုသည်။

    တရုတ်အစိုးရ၏ သဘောထားကို နာလည်သော်လည်း အောက်တိုဘာလ ၁၅ ရက်နေ့တွင် တရုတ်-မြန်မာ နယ်နမိတ်ချင်းထိစပ်နေသည့် ပန်ဝါမြို့ကို KIA သိမ်းပိုက်လိုက်သည်။

    သိမ်းပိုက်ခဲ့သည့်နေ့တွင် တရုတ်အစိုးရဘက်က လက်နက်ကြီး ၁၀ လုံး ပစ်ခတ်သတိပေးခဲ့သလို KIA ဌာနချုပ်ကို ကုန်စည်စီးဆင်းသည့် လမ်းကြောင်းများကိုပါ တရုတ်ဘက်က ပိတ်လိုက်သည်။

    KIA ဌာနချုပ် လိုင်ဇာ၊ လိုင်စင်၊ မိုင်ဂျာယန်တို့နှင့် တရုတ်နိုင်ငံ ယင်ကျန်းခရိုင်ကြား ရှိသည့် နယ်စပ်ဂိတ်များကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မည်ဖြစ်သောကြောင့် ယာယီပိတ်မည်ဖြစ်ကြောင်း တရုတ်ဘက်မှ စာထုတ်ပြန်ထားသည်။

    တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအရေးကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း တရားဝင် ထုတ်ဖော်ပြောကြားထားသော်လည်း စစ်ကောင်စီ ပြုတ်ကျရေး ထိုးစစ်ဆင်နေသည့် တိုင်းရင်းသားအဖွဲ့များ အင်အားချိနဲ့ရေး နယ်စပ်ဂိတ်များကို ပိတ်ပင်ကာ ဖိအားပေးနေခြင်း ဖြစ်သည်။

    စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက “သူတို့ ပိတ်တာက အဓိက ထိမှာက ပြည်သူပါပဲ။ တိုင်းရင်းသားအဖွဲ့တွေရဲ့ ဂိတ်ကို ပိတ်ရင် ကိုးကန့်ကိုပိတ်ရင် ကိုးကန့်ပြည်သူတွေ ထိမယ်။ ဒီအဖွဲ့တွေက အရင်ထဲက ပြည်မက ပစ္စည်းတွေ၊ ဆန်ကအစ အားကိုးရတာမဟုတ်ဘူး အကုန် တရုတ်ကို အားထားနေရတဲ့ ဒေသတွေဖြစ်တယ်။ နောက်ပြီး အခုသူတို့ရဲ့ ပိတ်ဆို့မှုမှာ လက်နက်ခဲယမ်းကိစ္စတွေပါပါတယ်။ ဒါကြောင့် ကိုးကန့်ဆိုရင်လည်း တရုတ်ကို ပြန်လှန်လို့ မရဘူး။ ဝ လည်း ဒီအတိုင်းပဲ”ဟု သုံးသပ်ပြောဆိုသည်။

    မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)၏ အချက်အလက်များအရ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်းငါးခု၏ ကုန်သွယ်မှုတန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံကျော် ရှိသည်။

    “ဒီဂိတ်တွေကို တရုတ်နဲ့တိုင်းရင်းသားတွေ ဖွင့်ပေးရင်တောင် စစ်တပ်က လက်ခံမှာ မဟုတ်ဘူး။ သူက လက်လွှတ်ထားရတယ်။နောက်ပြီး ဒီဂိတ်တွေကို သူလက်ခံလိုက်ရင် ဒီကရမယ့်အခွန်အခတွေက သူ့ကို တော်လှန်မဲ့ တိုင်းရင်းသားအဖွဲ့တွေဆီကို တရားဝင် ငွေပေးသလို ဖြစ်နေမှာပေါ့။ အခုက ကုန်သွယ်တာရှိချင်ရှိမယ် ဒါကလည်း တနိုင်ငံလုံးအတိုင်းအတာ မဟုတ်တော့ စစ်တပ်က ပိတ်ထားမှာပဲ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ထောက်ပြသည်။

    လက်ရှိ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ကုန်သွယ်ရေးဇုန်သုံးခုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံ အထိ ကုန်သွယ်နေသည့် ဂိတ်များဖြစ်သည့်အတွက် အဆိုပါဂိတ်များ ပိတ်ထားရမှုကြောင့် စစ်ကောင်စီနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်မှုမှာ ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းနေသည်။

    တရုတ်နိုင်ငံနှင့် အဓိကကုန်သွယ်နေသော ရှမ်းမြောက်ကုန်သွယ်ရေးလမ်း ရပ်တန့်နေသဖြင့် ရှမ်းအရှေ့လမ်းသစ်ကို အသုံးပြရန် စစ်ကောင်စီက စဉ်းစားနေသည်။

    တဘက်တွင်လည်း စစ်ကောင်စီက ထိုင်းနိုင်ငံနှင့် ကုန်သွယ်နိုင်ရန် အာရှလမ်းမကြီး ပြန်ဖွင့်နိုင်ရေးကိုလည်း အင်အားစုအားလုံးနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ISP Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,900SubscribersSubscribe
    spot_img

    Latest posts