spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းမွန်ဇာတ်သဘင် ပျောက်ကွက်သွားတော့မည်လား

    မွန်ဇာတ်သဘင် ပျောက်ကွက်သွားတော့မည်လား

    -

    စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင် နယ်မြေမတည်မှုများနှင့် လုံခြုံမှုမရှိသည့် အခြေအနေကြောင့် ဇာတ်ပွဲငှားသူ မရှိတော့သည့်အတွက် ဇာတ်ပွဲများ တစ်နှစ်ထက် တစ်နှစ်လျော့နည်းလာကာ ယနှစ်တွင် မွန်ဇာတ်သဘင် တစ်ဖွဲ့သာ ကျန်တော့သည်ဟု မွန်ဇာတ်သဘင် ဦးဆောင်သူနှင့် တည်ထောင်သူတို့က ပြောသည်။

    “ကျနော်လည်း စိတ်တွေ တော်တော်လေးလာပြီ။ ဇာတ်သဘင်သားတွေလည်း နိုင်ငံခြား ထွက်ကုန်ကြပြီ။ ဒီမှာက တစ်ယောက်၊ နှစ်ယောက်လောက်ပဲ ကျန်တော့တယ်။ ကျန်တာက အကုန်ပြည်ပထွက်ကုန်ပြီလေ။ တကယ်လို့ နိုင်ငံရေး အခြေအနေကောင်းသွားလို့ ဇာတ်ပွဲတွေ ပြန်ဖြစ်ရင်လည်း ဆက်လုပ်ဖို့က အခက်အခဲ အများကြီး ရှိတယ်။ တဖန် ပြန်သင်ကြားပေးဖို့ ဇာတ်မင်းသား၊ မင်းသမီးတွေ ဘယ်မှာသွားပြန်ရှာရမှန်း မသိတော့ဘူး။ လက်ရှိ ကျန်နေတဲ့ လူကို ပေါင်းလိုက်ရင်တောင် ဇာတ်တစ်ဇာတ်လောက်တောင် မပြည့်တော့ဘူး။ ဟိုတုန်းကဆို မွန်ဇာတ်သဘင်က ၉ ခုလောက် ရှိတယ်။ အခုက ဘာဇာတ်မှ မရှိတော့ဘူး” ဟု မွန်ဇာတ်သဘင် ဦးဆောင်သူ နိုင်မဲ့လေးက ပြောသည်။

    ဇာတ်သဘင်လောကတွင် မွန်ဇာတ်သဘင် ၁၀ ဖွဲ့ထက်မနည်းရှိရာက လတ်တလော နိုင်ငံရေးအခြေအနေကြောင့် ယခုနှစ်ပွင့်လင်းရာသီတွင် “ဂူရီချမ်း” ဆိုသည့် မွန်ဇာတ်ပွဲ တစ်ဖွဲ့သာ ကျန်တော့သည်ဟုလည်း နိုင်မဲ့လေးက ဆက်ပြောသည်။

    “မနှစ်က ၂ ဇာတ်၊ ၃ ဇာတ်လောက် ရှိသေးတယ်။ ဒီနှစ်က ဂူရီချမ်းအဖွဲ့တစ်ဖွဲ့ပဲ ကျန်တော့တယ်။ မနှစ်ကတော့ ချမ်းညီချမ်းတို့၊ စိုက်ဟံသာ၊ အောင်ထောတို့ ကဖြစ်သေးတယ်။ ဒီနှစ်ကတော့ မကဖြစ်ကြတော့ဘူး။ နိုင်ငံရေး အခြေအနေကလည်း တစ်နှစ်ထက် တစ်နှစ် ပိုပိုဆိုးလာနေတယ်။ အခုလည်း ဟိုနေရာ တိုက်ပွဲဖြစ်လိုက်၊ ဒီနေရာ တိုက်ပွဲဖြစ်လိုက်ဆိုတော့ လာငှားတဲ့လူတွေလည်း မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

    ယင်းအခြေအနေကြောင့် မွန်ဇာတ်သဘင်များ ပျောက်ကွယ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟုလည်း ဆိုသည်။

    နိုင်ငံရေးအခြေအနေကြောင့် မွန်ဇာတ်သဘင်များ ငှားရမ်းသူ မရှိတော့သည့်အတွက် ဇာတ်သဘင်လုပ်သားများ အလုပ်လက်မဲ့ဖြစ်ကာ ပြည်ပထွက် အလုပ်လုပ်ကိုင်ကြသူများ ရှိလာသလို တချို့ကလည်း ကြုံရာကျပန်းအလုပ် ဝင်လုပ်ကာ စားဝတ်နေရေးအတွက် ဖြေရှင်းနေကြရသည်ဟု မွန်ဇာတ်မင်းသားတို့က ပြောသည်။

    “ပွဲမထွက်ရတာ ကြာပြီလေ။ ပွဲတွေက မကဖြစ်တော့ဘူး။ ရပ်နားလိုက်ကြတယ်။ အဲကြောင့် အသက်ဆက်ရှင်သွားဖို့က လောလောဆယ် ရော်ဘာခြစ်ချိန်ဆို ရော်ဘာခြစ်တယ်။ စပါးစိုက်ချိန်ဆို စပါးစိုက်တယ်တယ်ပေါ့။ အများစုက နိုင်ငံခြားထွက်ကြကုန်ပါပြီ။ ကိုယ်ပဲ နိုင်ငံရေးအခြေအနေကောင်းရင် ပြန်ကရတော့မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ စောင့်နေဆဲပါ” ဟု မွန်ဇာတ်မင်းသားတစ်ဦးဖြစ်သည့် သဟိုင်းမွန်က ပြောသည်။

    ကိုဗစ်ရောဂါကာလတွင် ရပ်နားထားသည့် ဇာတ်သဘင်များ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာသည့် နိုင်ငံရေးအခြေအနေကြောင့် ဇာတ်ပွဲငှားသူ နည်းပါးလာခဲ့သည်။

    မွန်ပြည်နယ်တွင် မွန်၊ မြန်မာ ဇာတ်သဘင် ၄၄ ဇာတ်အထိ ရှိခဲ့သော်လည် စစ်အာဏာသိမ်းသည့်နောက် ပွဲများ မကရသည့်အတွက် ဇာတ်သဘင်တချို့ အပြီးတိုင် ရပ်နားသွားကြတာကြောင့် ဇာတ်သဘင်ကို မှီခိုလုပ်ကိုင်နေကြသည့် သဘင်သည် ထောင်နှင့်ချီတို့ကလည်း အလုပ်လက်မဲ့ ပြဿနာကို ရင်ဆိုင်ခဲ့ကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks