Homeသတင်းMNLA အမှတ် (၅) တပ်ရင်းတစ်ခုလုံး NMSP-AD ထံ ပူးပေါင်းဟု ဆို

MNLA အမှတ် (၅) တပ်ရင်းတစ်ခုလုံး NMSP-AD ထံ ပူးပေါင်းဟု ဆို

-

တပ်ရင်းမှုးဖြစ်သူကိုယ်တိုင် ဦးဆောင်ပြီး မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အမှတ် (၅) တပ်ရင်းတစ်ခုလုံးသည် အောက်တိုဘာလ ၆ ရက်နေ့က NMSP-AD အဖွဲ့နှင့် သွားရောက်ပူးပေါင်းလိုက်သည်ဟု သတင်းရရှိသည်။

MNLA အမှတ် (၅) တပ်ရင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဗလဲ့ဒွန်းဖိုက်၊ ဂျပန်ရေတွင်းစသည့် ဘုရားသုံးဆူဒေသတဝိုက်တွင် အခြေချလှုပ်ရှားပြီး ဒုဗိုလ်မှုကြီး ဗွတ်မွန်က အမှတ် (၅) တပ်ရင်းမှုး အဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

ယခုဖြစ်စဥ်နှင့် ပတ်သတ်ပြီး မွန်ပြည်သစ်ပါတီ (AD) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က မှန်ကန်ကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ အတည်ပြု ပြောဆိုသည်။

“ဗလဲ့ဒွန်းဖိုက်ရော၊ ဂျပါန်ရေတွင်းရုံးကပါ အကုန်လုံးပါပဲ၊ သူတို့က AD အဖွဲ့နဲ့ ပူးပေါင်းလာတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။

MNLA အမှတ် (၅) တပ်ရင်းတစ်ခုလုံး NMSP-AD အဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့သည့် ဖြစ်စဥ်အပေါ် မွန်ပြည်သစ်ပါတီ ဗဟိုစစ်ဌာနချုပ်ဘက်မှ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုလာခြင်း မရှိသေးပေ။

တစ်ဖက်တွင်လည်း ဒုဗိုလ်မှုကြီး ဗွတ်မွန်အပါအဝင် အမှတ် (၅) တပ်ရင်းတစ်ခုလုံး NMSP-AD အဖွဲ့နှင့် သွားရောက်ပူးပေါင်းချိန်တွင် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ကျင်းပချိန်နှင့်လည်း တိုက်ဆိုင်နေသည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ၏ ဦးဆောင်မှုအောက်တွင် အမှတ် (၁) တပ်ရင်း မော်လမြိုင်ခရိုင်၊ အမှတ် (၂) တပ်ရင်း ထားဝယ်ခရိုင်၊ အမှတ် (၄) တပ်ရင်း သထုံခရိုင်၊ အမှတ် (၅) တပ်ရင်း ဘုရားသုံးဆူဒေသနှင့် အမှတ် (၇) တပ်ရင်း ရေးချောင်းဖျားဒေသတို့ တည်ရှိနေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts