Thursday, March 19, 2026
More
    spot_img
    Homeသတင်းအယုတောင်ရွာ ပြည်သူ့စစ်အဖွဲ့ကို NMSP-AD တိုက်ခိုက်၊ ၃ ဦး ဒဏ်ရာရ

    အယုတောင်ရွာ ပြည်သူ့စစ်အဖွဲ့ကို NMSP-AD တိုက်ခိုက်၊ ၃ ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အယုတောင်ကျေးရွာ ပြည်သူ့စစ်အဖွဲ့ကို အောက်တိုဘာလ ၆ ရက်နေ့ညက မွန်ပြည်သစ်ပါတီ NMSP-AD အဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

    ယမန်နေ့ည ၇ နာရီဝန်းကျင်အချိန်ခန့်က အယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှိ လင်းဦးပြည်သူ့စစ်အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး၊ ပြည်သူ့စစ်ခေါင်းဆောင် လင်းဦးက လွတ်မြောက်သွားကြောင်း မွန်ပြည်သစ်ပါတီ NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညာမွန်က လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ပုံစာ – အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို အရှေ့တောင်တိုင်းစစ်ဌာနချူပ်က လက်နက်အပ်နှံပေးစဉ်

    “မနေ့က ၇ နာရီအချိန်လောက်မှာ ရေးမြို့နယ်မြောက်ပိုင်းမှာ အခြေချထားတဲ့ အယုတောင် ပြည်သူ့အဖွဲ့ သူတို့က အယုတောင်အုပ်ချုပ်ရေးမှူးရုံးမှာ ရှိတဲ့ချိန် ကျနော်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ အဖွဲ့ခေါင်းဆောင် လင်းဦးက ပြေးလွတ်သွားတယ်။ သူတို့ရဲ့ အဖွဲ့ဝင် ၃ ယောက်တော့ ဒဏ်ရာရ သွားကြတယ်။ ၁၀ မိနစ်လောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်” ဟု နိုင်ဗညားမွန်က ပြောသည်။

    လင်းဦး ဦးဆောင်သည့် အယုတောင် ပြည်သူ့စစ်အဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတို့တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် အုပ်ချုပ်ရေးမှူးများကို ဖိအားပေးနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟု ဆိုသည်။

    ၎င်းပြင် ပြည်သူ့လုံခြုံရေး၊ စစ်မှုထမ်းသင်တန်းဆင်းများနှင့် အငြိမ်းစားစစ်မှုထမ်းဟောင်းများကို ထောက်ပံ့ရန်ဆိုပြီး ရေးမြို့နယ်တွင် ငွေကြေးကောက်ခံမှုများလည်း လုပ်ဆောင်နေကြသည့် ပြည်သူ့စစ်အဖွဲ့ဖြစ်သည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း လင်းဦးပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားကို ရေးဘီးလူးအဖွဲ့က အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းကြောင့် အဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

    ရေးမြို့နယ်မြောက်ပိုင်း၊ အယုတောင်ကျေးရွာအတွင်းရှိ ဌာနေ ပြည်သူ့စစ်အဖွဲ့ဝင် ၂၅ ဦးခန့်ကို အရှေ့တောင်တိုင်းစစ်ဌာနချူပ်က ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လက်နက်တပ်ဆင်ပေးထားခဲ့သည်။

    ထိုလက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီက ကင်းစောင့်ခိုင်းစေခြင်း၊ အခွန်ကောက်ခံခြင်းနှင့် စစ်သားစု ဆောင်းရေးလုပ်ငန်းစဉ်တို့တွင် စေခိုင်းနေပြီး ပစ်ခတ်တိုက်ခိုက်ဖြစ်ပွားရာတွင် စစ်ကူအင်အားအနေဖြင့် အသုံးပြုလာနေသည်ဟု ဒေသတွင်းက စစ်ရေးသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks