Sunday, April 12, 2026
More
    spot_img
    Homeသတင်းသန်းခေါင်စာရင်းကောက်သူ ၉ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း လောင်းလုံး PDF ပြော

    သန်းခေါင်စာရင်းကောက်သူ ၉ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း လောင်းလုံး PDF ပြော

    -

    တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသူ ၉ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတို့ထံမှ သိရသည်။

    ပုံစာ – တနင်္သာရီတွင် စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူနေစဉ်(ပုံခရက်တစ် – စစ်ကောင်စီ)

    လောင်းလုံးမြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူနေသူများကို အောက်တိုဘာလ ၆ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်းလည်း ဆိုသည်။

    “ဖမ်းဆီးထားတယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော်တို့ သူတို့ကို လမ်းခုလတ်ကနေ ခေါ်ဆောင်တာ၊ နောက်ပြီး နေအိမ်တွေကို သွားခေါ်တာပါ။ သန်းခေါင်စာရင်းကောက်ယူနေတာကြောင့် စစ်ဆေးဖို့လာခေါ်တာပါဆိုပြီး ပြောပြီး ခေါ်လာတာပါ။ သူတို့လဲ အသာတကြည်ပဲ လိုက်လာပါတယ်။ ကျောင်းဆရာမတွေဆိုတော့ ကြောက်တာတော့ရှိကြတာပေါ့။ ကျွန်တော်တို့ကတော့ မစိုးရိမ်ဖို့ ပြောထားတယ်။ သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း သူတို့အဆင်ပြေနေကြောင်း အကြောင်းကြားပေးဖို့ရှိပါတယ်” ဟု လောင်းလုံး ပကဖ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

    စစ်ကောင်စီကလည်း သန်းခေါင်စာရင်းကောက်နေသည့် ကျောင်းဆရာမ ဒေါ်မေမီမိုး၊ ဒေါ်ဥမ္မာထွန်း၊ ဒေါ်ခင်အေးဆက်၊ ဒေါ်ရင်ရင်စိုး၊ ဒေါ်မြအေး၊ ဒေါ်ဖြူဖြူထွေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးစာရေး ဒေါ်သီတာ စုစုပေါင်း ၇ ဦးကို PDF တို့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထုတ်ပြန်ထားသည်။

    ဖမ်းဆီးခံရသူများသည် အသက် ၄၀ နှင့် အထက်များ ဖြစ်ကြသည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    လောင်းလုံး ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက “သူတို့က စာတွေဆက်သင်ပေးနေလို့၊ တာဝန်ဆက်ထမ်းဆောင်နေလို့ဆိုပြီး ကျွန်တော်တို့ သတိပေးတာမျိုးလည်းမရှိခဲ့ဘူး။ အခုက ဒီသန်းခေါင်စာရင်းကောက်ယူလို့ ခေါ်ယူစစ်ဆေးတာပါ။ ဖမ်းဆီးတာဆိုရင်လဲ ဟုတ်ပါတယ်။ အခု ကျွန်တော်တို့ ပကဖက စစ်နေပါတယ်။ နောက်ပြီးကျရင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကို ဆက်ပြီးလွှဲသွားပါမယ်။ အဓိကကတော့ သင်တန်းပေးတာ ဘယ်သူတွေပါတယ်။ နောက်ဘာတွေဆက်လုပ်သွားဖို့ရှိတဲ့လုပ်ငန်းစဉ်တွေပါ။ ပြန်လွှတ်ပေးဖို့လည်း ရှိပါတယ်” ဟု ဆက်ပြောသည်။

    လောင်းလုံးပကဖ အနေဖြင့် သန်းခေါင်စာရင်းကောက်ယူမည့်သူများကို အရေးယူမည်ဖြစ်ကြောင်း အောက်တိုဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

    သန်းခေါင်စာရင်းကောက်ယူရန် တနင်္သာရီတိုင်းအတွင်းတွင် စစ်ကောင်စီမှ သင်တန်းပေးထားသူ ၉၀ ကျော်ရှိပြီး ၇၀ ကျော် တာဝန်ထမ်းဆောင်နေကြောင်း လောင်းလုံးပကဖ ထံမှ သိရသည်။

    စစ်ကောင်စီက ၂၀၂၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းတွင် လူအင်အား လေးသောင်းနှစ်ထောင်ခန့်ဖြင့် ကောက်ယူနေကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks