spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းသန်းခေါင်စာရင်းမေးခွန်းပါ “အိမ်တွင် အဓိက ပြောဆိုသောဘာသာစကား” အပေါ် နိုင်ငံရေးပါတီတွေဝေဖန်

    သန်းခေါင်စာရင်းမေးခွန်းပါ “အိမ်တွင် အဓိက ပြောဆိုသောဘာသာစကား” အပေါ် နိုင်ငံရေးပါတီတွေဝေဖန်

    -

    အောက်တိုဘာလ ၁ ရက်နေ့ကစပြီး စစ်ကောင်စီ ကောက်ခံမည့် သန်းခေါင်စာရင်းမေးခွန်းပါ “အိမ်တွင် အဓိက ပြောဆိုသောဘာသာစကား” မေးခွန်းသည် တိုင်းရင်းသားလူမျိုးတို့၏ လူဦးရေစာရင်းကို လျော့နည်းလာစေရန် ရည်ရွယ်သည်ဆိုပြီး နိုင်ငံရေးပါတီအချို့ ဝေဖန်ပြောဆိုသည်။

    စစ်ကောင်စီက နိုင်ငံတဝန်း လူဦးရေနှင့် အိမ်ထောင်စုသန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ခံသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

    ကောက်ခံမည့် သန်းခေါင်စာရင်းအတွက် ဖြည့်စွက်ရမည့် မေးခွန်းတွင် ယခင်က “လူမျိုးအမည်” ဆိုသည့်နေရာတွင် “အိမ်တွင် အဓိကပြောဆိုသော ဘာသာစကား” ဆိုပြီး စစ်ကောင်စီက ပြောင်းလဲထားသည်။

    “လူမျိုးနေရာမှာဆိုရင် မွန်လူမျိုးဖြစ်ရင် ဖြစ်မယ်။ ဗမာလူမျိုးဖြစ်ရင် ဖြစ်မယ်။ မွန်-ဗမာဖြစ်ရင် ဖြစ်မယ်။ ဒါက အရင်ကတည်းက သုံးစွဲလာခဲ့တဲ့ပုံစံပေါ့။ အခု အိမ်တွင် ပြောဆိုတဲ့ဘာသာစကားလို့ ပြောင်းလဲသုံးစွဲတယ်ဆိုတာက သူတို့ရဲ့ ဗမာလူမျိုးကို ကျယ်ဖြန့်လာစေချင်တဲ့သဘောလို့ ကျွန်တော် မြင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုနောက်ပိုင်း မွန်လူမျိုးတော်တော်များများကလည်း ရွာပဲဖြစ်ဖြစ်၊ မြို့မှာပဲဖြစ်ဖြစ်၊ ဗမာစကားကိုပဲ ပြောကြတာများတယ်ဆိုတော့ သူတို့က တိုင်ရင်းသားလူမျိုးစုတွေကို ဗမာလူမျိုးလို့ ပြောင်းလဲခေါ်သွင်စေချင်တာလား။ သူတို့ ရည်ရွယ်ချက်လည်းရှိတာပေါ့။ ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် အခုလုပ်လိုက်တာကတော့ မဖြစ်သင့်ဘူး။ ကျွန်တော်က မူလပုံစံအတိုင်း လူမျိုးနေရာက လူမျိုးပဲ ပေးထားစေချင်တယ်” ဟု မွန်တိုးတက်ရေးပါတီဝင်တစ်ဦးက ဆိုသည်။

    စစ်ကောင်စီ ဖြည့်စွက်ရမည့် သန်းခေါင်စာရင်းမေးခွန်းပါ “အိမ်တွင် အဓိကပြောဆိုသော ဘာသာစကား” မေးခွန်းအပေါ် တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားစာပေအရေးလှုပ်ရှားသူတို့အကြား ဝေဖန်ပြောဆိုစရာဖြစ်နေပြီး ဆန့်ကျင်ကန့်ကွက်မှုလည်း ရှိနေသည်။

    “လူမျိုးအမည်” အစား “အိမ်တွင် အဓိကပြောဆိုသော ဘာသာစကား” ဆိုပြီး ပြောင်းလဲလိုက်ခြင်းသည် စစ်ကောင်စီက တိုင်းရင်းသားလူမျိုးများအပေါ်မှာ မဟာလူမျိုးကြီးဝါဒ ကျင့်သုံးပြီး၊ တိုင်းရင်းသားလူမျိုးများကို ဝါးမျိုသွားမည့်သဘောလို့ယူဆကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဌ မန်းအောင်ပြည်စိုးက ပြောသည်။

    ၎င်းက “ဒါကတော့ တကယ်ပြဿနာပေါ့။ တိုင်းရင်းသားလူမျိုးအပေါ်မှာ မဟာလူမျိုးကြီးဝါဒ ကျင့်သုံးပြီးတော့ တိုင်းရင်းသားလူမျိုးအပေါ်မှာ ဝါးမျိုသွားမဲ့သဘောလို့ယူဆလို့ရပါတယ်” ဟု ပြောသည်။

    စစ်ကောင်စီ ကောက်ခံမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စုသန်းခေါင်စာရင်းသည် မေးခွန်းပေါင်း ၂၅ ခု ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်း ကောက်ခံခဲ့စဉ်ကထက် မေးခွန်း ၄ ခု တိုးလာခဲ့သည်။

    မေးခွန်းများတွင် “လူမျိုးအမည်” အစား “အိမ်တွင်အဓိကပြောဆိုသော ဘာသာစကား” ဆိုပြီး ပြောင်းလဲထားသည့်အပြင် ယခင်ရွှေ့ပြောင်းသွားလာမှုအခြေနေတွင်လည်း ပြည်တွင်း၊ ပြည်ပဟု သတ်မှတ်ထားပြီး မွေးစာရင်း ရှိ၊ မရှိအခြေနေကိုပါ ထပ်တိုးထားသည်ကို တွေ့ရသည်။

    ၂၀၁၄ ခုနှစ်က နိုင်ငံတဝန်း ကောက်ယူထားသည့် လူဦးရေနှင့် အိမ်ထောင်စုသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်းကျော်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks