spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအနန်းကွင်းတိုက်ပွဲ ဆက်ဖြစ်နေသည့်အတွက် ထောင်နှင့်ချီသည့် ဒေသခံများ နေရပ်ပြန်မနိုင်

    အနန်းကွင်းတိုက်ပွဲ ဆက်ဖြစ်နေသည့်အတွက် ထောင်နှင့်ချီသည့် ဒေသခံများ နေရပ်ပြန်မနိုင်

    -

    ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်ရှိ အနန်းကွင်းဗျုဟာတပ်စခန်း သိမ်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ထွက်ပြေးတိမ်းရှောက်နေကြရသည့် ဒေသခံများ ယနေ့ချိန်ထိ နေရပ်မပြန်နိုင်သေးသည့်အခြေအနေတွင် ရှိနေသည်။

    အနန်းကွင်းဗျုဟာတပ်စခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံပြည်သူ နှစ်ထောင်နီးပါးတို့က ဩဂုတ်လလယ်ခန့်က ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရပြီး ရက်ကြာလာသည့်အတွက် နေထိုင်ရေးနှင့် စားနပ်ရိက္ခာပြတ်လပ်မှုပြဿနာ ရင်ဆိုင်ကြုံတွေ့လာရသည်ဟု ထွက်ပြေးတိမ်းရှောင်နေရသူတို့ထံမှ သိရသည်။

    “တိမ်းရှောင်နေကြတဲ့လူတွေက စစ်ဘေးရှောင်စခန်းတို့ ဘာတို့ အဲလို နေရတာ မရှိဘူး။ အများစုက တောထဲမှာ ကျောက်ဂူတွေမှာ ဝါးတဲလေးဆောက်ပြီး နေနေကြရတယ်။ ဘာမှလည်း လုပ်စရာမရှိဘူးလေ။ အလှူရှင်တွေတော့ လာရောက်လှူဒါန်းကြပါတယ်။ ဒါပေမဲ့ မလုံလောက်နေဘူး။ ညီမတို့ဆို တစ်လစာအတွက် ဆန်း ၁ အိတ်၊ ဆီတစ်ဗူး၊ ကြက်သွန် ၁ ပိဿာလောက်နဲ့ ငရုတ်သီးနည်းနည်းလောက်ပဲ ရနေတယ်။ အဲဒါတွေနဲ့ပဲ စားသောက်နေကြရတာပေါ့။ ရွာကိုလည်း မပြန်ရဲကြတော့။ တောထဲမှာ မနေနိုင်တော့ရင် အမျိုးတွေအိမ်မှာ လာပြောင်းနေကြတာလည်း ရှိတယ်” ဟု အနန်းကွင်းကျေးရွာမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

    အနန်းကွင်းဗျုဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က သြဂုတ်လလယ်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ဒေသတွင်း နှစ်ဖက်တိုက်ပွဲ စတင်ပြင်းထန်လာခဲ့သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းတို့ကြောင့် အနန်းကွင်းနှင့် အနီးနားရှိ လွတ်ရှမ်း၊ တညင်၊ ဖာယာ၊ ခွန်နဝါ၊ ပုတောအစရှိသည့် ကျေးရွာ ၁၀ ရွာခန့်တို့က ပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။

    မွန်၊ ကရင်နှင့် တနင်္သာရီဒေသက လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေကို စောင့်ကြည့်နေသည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ဒါရိုက်တာ နိုင်အဲမွန်ကလည်း “သူတို့တွေက KNU တပ်မဟာ ၆ နယ်မြေအတွင်းက လှိုင်ဂူတွေ၊ တောတွေ၊ ခြံတွေမှာ နေနေကြတယ်။ စပြေးတုန်းကတော့ နည်းနည်း အဆင်ပြေကြသေးတယ်။ ခုကြာလာတော့ စားဖို့၊ သောက်ဖို့က အခက်အခဲ ဖြစ်လာကြပြီ။ အိမ်ကိုလည်း ပြန်မရကြသေးဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ရောက်ချင်တဲ့အချိန်မှ ရောက်တယ်” ဟု ပြောသည်။

    ၎င်းပြင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောက်နေကြရသူများထဲတွင် သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးအများစုပါဝင်နေသည့်အတွက် စားရေးသောက်ရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးလည်း လိုအပ်ချက်ရှိနေသည်ဟု ဆိုသည်။

    “အခုက ငှက်ဖျားအချိန်လည်း ဖြစ်တယ်။ မိုးကလည်း မကုန်သေးဘူး၊ ရေကလည်း ဆက်တိုက်ကြီးနေတယ်။ အဲဒါကြောင့် စစ်ရှောင်တွေက ပိုအခက်အခဲ ဖြစ်သွားတာပေါ့။ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုလိုအပ်နေတာပေါ့” ဟု နိုင်အဲမွန်က ဆက်ပြောသည်။

    သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းဗျုဟာတပ်စခန်း သိမ်းပိုက်နိုင်ရေးအတွက် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အပြင်းအထန် ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်ကလည်း စခန်းမကျရေးအတွက် အပြင်းအထန် ခုခံတိုက်ခိုက်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks