spot_img
Thursday, December 19, 2024
More
    spot_img
    Homeမေးမြန်းချက်စစ်ကောင်စီ ကမ်းလှမ်းချက်အပေါ် NMSP-AD၊ KNU၊ MSRF လက်မခံ

    စစ်ကောင်စီ ကမ်းလှမ်းချက်အပေါ် NMSP-AD၊ KNU၊ MSRF လက်မခံ

    -

    စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့တွေကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ စက်တင်ဘာလ ၂၆ ရက်နေ့က ဖိတ်ခေါ်လိုက်သည်။

    စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD၊ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မွန်ပြည်ကာကွယ်ရေးတပ် MSRF တို့က လက်မခံဘူးလို့ ပြောသည်။ စစ်ကောင်စီ၏ ဖိတ်ခေါ်အပေါ် NMSP-AD၊ KNU နှင့် MSRF တို့၏ သဘောထားကို စုစည်းတင်ပြထားသည်။

    ပဒိုစောတောနီး (ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ)

    ပဒိုစောတောနီး (ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ)

    “ပထမဦးဆုံးပြောချင်တာက လက်ရှိ သူတို့ လုပ်နေတဲ့အရာတွေ ထုတ်ပြန်ပြောဆိုတဲ့ အရာတွေက ပကတိဖြစ်နေတည်တဲ့အရာတွေနဲ့ လုံးဝ ကင်းကွာသွားပြီးလေ။ ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူးဆိုတာ ကျနော်တို့ အဲဒါကိုပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲတာကြည့်လိုက်ခြင်းအားဖြင့် သူတို့မှာ စစ်အာဏာရှင်စနစ်ကို လုံးဝသံယောဇဉ်မဖြတ်ဘူးဆိုတာ အဲဒါကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။ ဒုတိယအချက်အနေနဲ့ သူတို့ အရင်လုပ်နည်းလုပ်ဟန်တွေအတိုင်းပဲ မရိုးနိုင်တဲ့ အဲဒီထိုးကွက်ရဲ့နည်းပရိယာတွေပေါ့ ကျတော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေကြားထဲမှာ စည်းလုံးညီညွတ်မှု တည်ဆောက်လို့မရအောင် အဲလို တမင်တကာကို ရည်ရွယ်ချက်ရှိရှိ ထိုးကွက်လုပ်နည်းလုပ်ဟန်တွေ ထပ်တွေ့နေရတုန်းပဲ အဲ့ဒီအထဲ သူတို့လုပ်ဆောင်ပုံထဲမှာပေါ့နော် အထူးသဖြင့် ဟိုအဖွဲ့ကိုခေါ်တယ်၊ ဒီအဖွဲ့ကိုချန်ထားတယ်ဆိုတဲ့လုပ်ပုံလုပ်နည်းက အခုထက်ထိ သူတို့ မရိုးနိုင်အောင်လုပ်တုန်းပဲ။ အဲဒါကြောင့်မို့ ကျနော်တို့ ဘယ်လိုမှလက်ခံလို့မရဘူး အဲဒါတစ်ချက်ပေါ့။ နောက်တချက်က ဖြစ်နိုင်ချေကတော့ ကျတော်တို့ဘက်မှာကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြေရှင်းရမယ် ဆိုတာကို ဘယ်တော့မှငြင်းတာမဟုတ်ဘူး။ ဒါပေမဲ့ အဲတွေ့ဆုံဆွေးနွေးပွဲက စစ်တပ်နဲ့ ကျတော်တို့ တွေ့ဆုံ လာတာ ကျနော်တို့ KNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့က ငြိမ်းချမ်းရေးဖြစ်စဉ် တစ်လျှောက်လုံးမှာ နှစ်ပေါင်းများစွာ စားပွဲပေါ်မှာ ထိုင်စကားပြောနေတာ ဒီလူတွေရဲ့အချိုးဟာ အခုထက်ထိ မပြောင်းသေးဘူး။ အခြားအဖွဲ့တွေမှာ အနိုင်ကျင့်ဗိုလ်ကျတဲ့ အတွေးအခေါ်အယူအဆတွေ စဉ်းစာဉာဏ်တွေ အဲ့တာက စဉ်းစားပုံစဉ်းစားနည်းတွေက အခုထက်ထိ သယ်ဆောင်လာတယ်။ အဲ့တာတွေက ဘယ်လိုမှ လက်ခံလို့မရဘူး။ အဲဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲလုပ်ရင်တော့ ရှင်းရှင်းလေးပဲ ဒီလိုကတိ မတည်တဲ့လူတွေကို လုံးဝယုံကြည်လို့မရတဲ့ အပေါ်မှာ တွေ့ဆုံဆွေးနွေးပွဲလုပ်ချင်သပဆိုရင် သူတို့က လုံးဝနိုင်ငံရေးကနေ ထွက်ပြီးတော့ စစ်တပ်ကို ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်တဲ့လုပ်ငန်းစဉ်ထဲမှာ အဲဒီလုပ်ငန်းစဉ်ကို သေသေချာချာ ဖြတ်ကျော်ပြီးတော့မှ အရပ်သားအစိုးရအုပ်ချုပ်မှုအောက်ရှိရမယ်။ ဒါတစ်အချက်။ သူတို့ လက်ခံနိုင်ရမယ်။ ဒုတိယအချက် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတာ လူတိုင်း ပြောနေကြတယ်။ ဒါပေမယ့် အဲဒီပြည်ထောင်စုတည်ဆောက်ရေးအတွက် တကယ်လိုအပ်တဲ့ ဖယ်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျတော်တို့တိုင်းပြည်မှာ နှစ် ၇၀ ကျော်မှာ တစ်ခါ်မှ မရှိခဲ့ဘူး။ အဲ့တာကို သူတို့လက်ခံရမယ်။ ကျတော်တို့ ရေးဆွဲမယ်။ နံပါတ်သုံးအချက်ဖြစ်တဲ့ နေ့စဉ်နှင့်အမျှ အခုသာပြောနေတာ ပြောရင်းတန်းလန်းနဲ့ ဟိုမှာ သွားဗုံးကြဲနေပြန်ပြီး လူထုတွေအပေါ်မှာ အဲဒါမျိုးတွေက လူထုအပေါ် ရက်စက် ကြမ်းကြုတ်မှုတွေရာဇဝတ်မှုတွေ စစ်ရာဇဝတ်မှုတွေ လူသားအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်ကြီးမှုတွေကို သူတို့ ပြန်ပြီး တာဝန်ခံရမယ်နော်။ မနည်းမနောနဲ့ဟာတွေ ကျနော်တို့ လွတ်ငြိမ်းချမ်းသာခွင့် ဘယ်လိုမှ ပေးလို့မရတော့ဘူး။ အဲဒါတွေကို သူလက်ခံမယ်ဆိုရင်တော့ စကားပြောစရာရှိတာ ပြောမယ်လေ။ စဉ်းစားမယ်။ အဲဒါကို လက်မခံဘဲလုပ်မယ်ဆိုရင်တော့ ကျတော်တို့ဘက်ကတော့ စစ်ရေးအရရော၊ နိုင်ငံရေးရော သံတမန်နည်းလမ်းတွေရော စီးပွားရေး ပိတ်ဆို့မှုတွေအပါအဝင် အကုန်လုံး လူထုလုပ်ငန်းမှုပါမကျန် အကုန်လုံးရော၊ အတွင်းရောအပြင်ရော လက်ချင်းချိတ်ပြီးတော့ ဟန်ချက်ညီညီ စစ်အာဏာရှင်ကျဆုံးမှု ဆုံးခန်းတိုင်းအောင် လုပ်ဆောင်မယ်”

    နိုင်နဂါး (မွန်ပြည်ကာကွယ်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ)

    နိုင်နဂါး (မွန်ပြည်ကာကွယ်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ)

    “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ နိုင်ငံရေးအဖွဲ့အစည်းတွေက ဆွေးနွေးရမယ်ဆိုတာ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းတွေက လက်ခံ ထားတဲ့ကိစ္စပါ အခုလိုအကြမ်းဖက်စစ်ကောင်စီက ဒီနိုင်ငံရေးဆွေးနွေးဖို့ကမ်းလှမ်းတဲ့နေရာမှာ ပထမဆုံးပြောချင်တာက သူတို့ကိုယ်သူတို့ဘာမှန်းသူတို့မသိတာက အဲ့တာကတော်တော်ရီစရာကောင်း နေတယ်။သူတို့က နိုင်ငံရေးအဖွဲ့အစည်းလည်းမဟုတ်ဘူးသူတို့ဟာစစ်တပ် နော် ပြည်သူကိုအလုပ်အကျွေးပြုရမယ့်စစ်တပ် ဝန်ထမ်းတွေသာဖြစ်တယ်။ နိုင်ငံတော်အာဏာကို လက်နက်နဲ့သိမ်းယူပြီးတော့ ပြည်သူတွေကိုထင်တိုင်းကြဲ အကြမ်းဖက်၊ နှိပ်စက် သတ်ဖြတ် ထောင်ချနေတဲ့ စစ်ကောင်စီက အခုလိုနိုင်ငံရေးဆွေးနွေးမယ်လို့ ကမ်းလှမ်းတဲ့အပေါ်မှာ ကျနော့်အနေနဲ့ ရယ်စရာ ဟာယရွှင်စိတ် တိုက်ကျွေးတယ်လို့ပဲ ကျနော်ပြောချင်တယ်ဗျ။ ခေတ်အဆက်ဆက်ကအာဏာရှင်တွေဟာ သူတို့ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရ သော် လည်းကောင်း ဒါမှ မဟုတ်လို့ရှိရင် ပြင်ပဖိအားတစ်ခုခုကြောင့်သော်လည်းကောင်း ဒုက္ခတွေအခက်ခဲတွေကြုံလာပြီးဆိုလို့ရှိရင် နိုင်ငံရေး ဆွေးနွေး ပွဲဆိုတဲ့ ဓာတ်ပြားဟောင်းကိုအမြဲတမ်းဖွင့်ပြလေ့ရှိတဲ့အတွက်ကြောင့် ကျနော့်အနေနဲ့ အထူးပဲဘာမှတော့ ပြောစရာတော့မရှိဘူးပေါ့နော်။ အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချနိုင်ဖို့ အချုပ်အခြာအာဏာရှိတဲ့ မွန်ပြည်တရပ်အမြန်ဆုံးပေါ်ပေါက်နိုင်ဖို့ ကျနော်တို့အနေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားဖို့ပဲရှိတယ်။

    အခုလို အကြမ်းဖက်စစ်ကောင်စီက ငြိမ်းချမ်းရေး ကမ်းလှမ်းလာတဲ့အပေါ်မှာ ဘယ်အဖွဲ့အစည်းကလည်း လက်ခံမှာမဟုတ်သလို၊ ပြည်ပ ဖိအားတွေကလည်း ဘာမှ အကျိုးသက်ရောက်မှာမဟုတ်ပါဘူးလို့ ကျနော်ပြောချင်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတွေအနေနဲ့ နိုင်ငံရေးကိုနိုင်ငံရေး နည်းလမ်း အရတကယ် ဖြေရှင်းချင်တယ် ဆိုလို့ရှိရင်လည်း သူတို့ကိုယ်တိုင်ကလည်းအမြန်ဆုံးစစ်တန်းလျားကို ပြန်ပြီးတော့ ပြည်သူ တွေရဲ့အာဏာကို ပြည်သူတွေ လက်ထဲပြန်ထည့် နောက်ပြီးတော့ ငြိမ်းချမ်းတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုသစ်တရပ် ပေါ်ထွန်းလာရေးမှာ ဝိုင်းဝန်းပါဝင်ဖို့ ဒါပဲရှိတယ်။ ကျနော်တို့အနေနဲ့ စစ်ကောင်စီ မပြတ်မကျမချင်း ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်ခင်ဗျ။ ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင် စစ်ကောင်စီက ကမ်းလှမ်းတဲ့ ဘယ်နိုင်ငံရေးဆွေးနွေးပွဲ ဘယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ တရားဝင် ဆွေးနွေးပွဲမဟုတ်ဘူးလို့ ကျနော့်အနေနဲ့ ပဏာမပြောကြားလိုတယ်။ စစ်သားဆိုတာ ပြည်သူကို အလုပ်အကျွေးပြုတဲ့ လက်နက်ကိုင်ထားတဲ့ ဝန်ထမ်းတရပ်သာဖြစ်တယ်။ ဒါကြောင့် သူတို့မှာ အချုပ်အခြာအာဏာတို့ နိုင်ငံရေးအာဏာတို့ ဘာမှရှိတာ မဟုတ်ဘူး။ ပထမဦးဆုံး စစ်ကောင်စီတပ်သားတွေ ပထမဦးဆုံး စစ်တန်းလျားကို ပြန်ကြပါ၊ ဒုတိယအနေနဲ့ တိုင်းရင်းသားပြည်သူအားလုံးရဲ့ကိုယ်စားလှယ်တွေပါဝင်တဲ့ ဒီကြားဖြတ်အစိုးရ တစ်ရပ် အမြန်ဆုံး ဖော်ဆောင်ပြီး အနာဂတ်ပြည်ထောင်စုဖက်ဒရယ်ကို မူကြမ်းရေးဆွဲပြီး အတည်ပြုပြီးတော့ နောင် ဖယ်ဒရယ် ပြည်ထောင်စုတစ်ဆင့် တည်ဆောက်ဖို့ပဲရှိတယ်။ အခုလိုငြိမ်းချမ်းရေးဆွဲပွဲတို့ ဒီနိုင်ငံရေး ဆွေးနွေးပွဲတို့က ကျတော်တို့လုပ်ဆောင်နေရတာဟာ စစ်ကောင်စီကသူတို့နဲ့မဆိုင်တဲ့ သူတို့နဲ့ လုံးဝမပတ်သက် တဲ့နိုင်ငံရေး အချုပ်အခြာအာဏာကို အတင်းအဓမ္မသိမ်းယူထားလို့ ဖြစ်တဲ့အတွက်ကြောင့် (၁) က စစ်တန်းလျားကိုပြန်ပါ။ (၂) က အားလုံးလက်ခံနိုင်တဲ့ ကြားဖြတ်အစိုးရ တစ်ရပ်ဖွဲ့ပါ ပြီးလို့ရှိရင် တိုင်းရင်းသား လူမျိုးပေါင်းစုံ အားလုံးနဲ့ လူထု လူတန်းစား အားလုံးလက်ခံနိုင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုမူကြမ်းကို အမြန်ဆုံးချပြပါ ရေးဆွဲပါ အတည်ပြုပါ၊ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ပြည်တွင်းစစ်က ဘယ်တော့မှ ပြီးမှာမဟုတ်ဘူးလို့ ကျနော့်အနေနဲ့ နောက်ဆုံး ပြောလိုပါတယ်။

    နိုင်ဗညားမွန် (မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD ပြောရေးဆိုခွင့်ရှိသူ)

    နိုင်ဗညားမွန် (မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD ပြောရေးဆိုခွင့်ရှိသူ)

    “စစ်ကောင်စီရဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်းတာက တစ်ချိန်တုန်းကလည်း သူတို့ဘက်က ကြပ်တည်းရင် ဒီလိုမျိုး ဖိတ်ခေါ်တာ လုပ်နေကျပဲ။ ပြောရရင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို လက်နက်ချဖို့ ဆိုလိုချင်တာပါ။ သဘောကတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ချုပ်အုပ်ရေးအောက် ပြန်ဝင်ဖို့နဲ့ နောက်ပြီး အဓိက ရွေးကောက်ပွဲလုပ်ရင် ပါဝင်ခိုင်းတာရယ် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့အတွက်ခေါ်တာ။ ကျနော်တို့ရဲ့ ခံယူချက်ကတော့ ၂၀၀၈ ခြေ/ဥအောက်က ဆွေးနွေးမှုမှန်သမျှကို ဆန့်ကျင်မယ်။ အဲထဲမှာ ရွေးကောက်ပွဲလည်း ပါဝင်တယ်။ ကျနော်တို့ အဲအပေါ်ကိုတော့ လက်မခံပါဘူး။ သူတို့ ဖိတ်ခေါ်တဲ့အပေါ်မှာက နိုင်ငံရေးဖြေးရှင်းဖို့အတွက် နည်းလမ်းမဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။ သူတို့ လုပ်နေကျအတိုင်း လုပ်ဆောင်နေတာလည်း အလုပ်မဖြစ်ဘူးလို့ပဲ ထပ်ပြောကြားလိုပါတယ်။ အဓိကကတော့ နိုင်ငံရေးနည်းလမ်းဖြေရှင်းဖို့က စစ်တပ်က နိုင်ငံရေးကနေ နောက်ဆုတ်ဖယ်ရမယ်။ နောက်တစ်ခုကတော့ စစ်ကောင်စီ အသက်သွင်းထားတဲ့ ၂၀၀၈ ခြေ/ဥ ကိုတော့ ဖျက်သိမ်းရမယ်။ အခြေခံဥပဒေအသစ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရမယ်ဆိုတဲ့အပေါ်မှာ လက်ခံမှသာ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာနိုင်မယ်။ မဟုတ်ရင်တော့ ကျနော်တို့ရော လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကလည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး။ အခြားသော အဖွဲ့အစည်းများအားလုံးကလည်း အခုလို ခံယူချက်တွေနဲ့ ပြောထုတ်တာ ရှိပါတယ်။ ကျနော်တို့ ရပ်တည်ချက်ကတော့ ၂၀၀၈ ဖျက်သိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့အတွက်ပဲဆိုတော့ ခြေ/ဥ အသစ်ရေးဆွဲရမှာပေါ့။ စစ်တပ်က ဒီနိုင်ငံရေးကနေ မစွက်ဖက် နောက်ဆုတ်လိုက်ရင်တော့ နိုင်ငံရေး ဆွေးနွေးဖို့ ကျတော်တို့ လက်ခံမယ်။ အဓိကကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်တာပဲ”

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,300SubscribersSubscribe
    spot_img

    Latest posts