spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်မြို့နယ်၊ မင်းရွာကျေးရွာထဲကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲ

    ကော့ကရိတ်မြို့နယ်၊ မင်းရွာကျေးရွာထဲကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မင်းရွာကျေးရွာထဲကို စစ်ကောင်စီက စက်တင်ဘာလ ၂၉ ရက်နေ့ညက လေယာဉ်ဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ယမန်နေ့ည ၉ နာရီကျော်အချိန်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မင်းရွာကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ လူနှင့် နေအိမ်ထိခိုက်ပျက်စီးမှုရှိကြောင်း သို့သော် အတိအကျကိုတော့ မသိရှိနိုင်သေးကြောင်း ဆိုသည်။

    “ညက ၉ နာရီခွဲအချိန်ခန့်က ကော့ဘိန်းနားက မင်းရွာကျေးရွာကို လေယာဉ်နဲ့ ဗုံးလာကြဲလိုက်တယ်။ အိမ်လည်း ထိတယ်၊ လူလည်း ထိတယ်။ ရွာထဲဝင်မရသေးလို့ ဘယ်လောက်ထိသွားတာလဲဆိုတာကိုတော့ မသိသေးဘူး။ တိုက်ပွဲတော့ မဖြစ်ဘူး။ ဒီတိုင်း လာကြဲလိုက်တာ” ဟု မင်းရွာကျေးရွာခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေသည့်နေရာများအပြင် တိုက်ပွဲမဖြစ်သည့် လူနေကျေးရွာထဲကိုလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လာခဲ့သည်။

    ကြာအင်းဆိပ်မြို့နယ်အတွင်းလည်း စက်တင်ဘာလ ၂၇ ရက်နေ့ကစပြီး စစ်ကောင်စီ ကင်းထောက်လေယာဉ်များ နေ့ရော၊ ညပါ ကင်းထောက်ပျံသန်းမှု လုပ်ဆောင်နေသည့်အတွက် ဒေသခံများ ဗုံးကြဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်ကြောက်လန့်နေကြရသည်။

    ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက “ဟိုတုန်းကလည်း ကင်းလှည့်လိုမျိုး ပျံသန်းနေတာ ရှိတယ်။ ဒါပေမဲ့ အခုက ရက်ဆက်နေပြီ။ ဆက်တိုက် လှည့်ပတ်နေတော့လေ။ သူတို့က နေ့ရောညပါ သွားလာနေတယ်။ ညနေပိုင်းဆို ပိုပြီးတော့ ပျံသန်းလှည့်ပတ်နေကြတယ်။ ဒေသခံပြည်သူတွေက တအားကြောက်နေကြတယ်” ဟု ပြောသည်။

    ပြီးခဲ့သည် စက်တင်ဘာလ ၉ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

    အလားတူ တိုက်ပွဲဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ဖားပြကျေးရွာဘက်တွင်လည်း စစ်ကောင်စီက လေကြောင်းဖြင့် မကြာခဏ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks