Wednesday, March 18, 2026
More
    spot_img
    Homeသတင်းရေဘေးသင့်ဒေသအချို့ကို မွန်သံဃာတော်အဖွဲ့ သွားရောက်ကူညီထောက်ပံ့

    ရေဘေးသင့်ဒေသအချို့ကို မွန်သံဃာတော်အဖွဲ့ သွားရောက်ကူညီထောက်ပံ့

    -

    မွန်သံဃာတော်များ ဦးဆောင်ပြီး ရေးကြီးရေလျှံမှုဖြစ်ပွားခဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် နေပြည်တော်က ရေဘေးသင့်ပြည်သူများကို သွားရောက်ကူညီထောက်ပံ့မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

    မွန်သံဃာတော်များဦးဆောင်ပြီး ပြည်တွင်း၊ ပြည်ပက မွန်အလှူရှင်များ ထည့်ဝင်လှူဒါန်းသည့် အလှူငွေများဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ကလော၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဟိုပုံးနှင့် ရမည်းသင်း၊ တပ်ကုန်းမြို့နယ်အတွင်းက ရေဘေးသင့်နေရာတို့ကို စက်တင်ဘာ ၂၀ ရက်နေ့က သွားရောက်လှူဒါန်းခဲ့သည်။

    ပထမအကြိမ်အနေဖြင့် ကျပ်သိန်း ၅၀၀ ကို ကူညီထောက်ပံ့နိုင်ခဲ့ကြောင်း ကူညီထောက်ပံ့မှု ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက်လည်း အလှူငွေများ လက်ခံနေဆဲဖြစ်ပြီး ထပ်မံရရှိသည့် အလှူငွေများဖြင့် ရေဘေးသင့်ပြည်သူများကို ဆက်လက်ကူညီထောက်ပံ့ပေးသွားမည်ဟု မွန်သံဃာတော်အဖွဲ့တို့ထံမှ သိရသည်။

    ရေဘေးအလှူအဖွဲ့တွင် ပါဝင်သည့် ရာမညရဌ ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်တစ်ပါးက “လမ်းပိုင်းအခြေအနေ စုံစမ်းလိုက်တော့သွားဖို့ ဖြစ်သွားတယ်။ ဟိုပုံးက အလှူခံဖို့ ဆင်းလာကြတဲ့အဖွဲ့နဲ့ ချိတ်ဆက်ရတယ်။ ကလောကတော့ တစ်အိမ် ၅ သောင်းနှုန်းနဲ့ လှူဒါန်းခဲ့တာရှိတယ်။ နေအိမ် ၃၀ ကျော်ပေါ့။ ဒီတောင်ပိုင်းကျတော့ ရမည်းသင်းနဲ့ တပ်ကုန်းဘက်က ရွာနှစ်ရွာကို လှူဒါန်းဖြစ်တယ်။ အလှူငွေ ကျပ်သိန်း ၁၅၀ လှူဒါန်းခဲ့တယ်” ဟု မိန့်ကြားသည်။

    ရေဘေးသင့်ပြည်သူများသည် လမ်းပန်းဆက်သွယ်ရေးကြောင့် နေထိုင်စားသောက်ရေး အကူအညီများ လိုအပ်နေသည့်အပြင် ပြန်လည်ထူထောင်ရေးအတွက်လည်း သုညကပြန်စရသည့် အခြေအနေရှိနေသည့်အတွက် အကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု ဆရာတော်က ဆက်မိန့်သည်။

    ရေဘေးသင့်ပြည်သူများကို လူမျိုးမခွဲခြားဘဲ တတ်နိုင်သည့်ဘက်က ကူညီလှူဒါန်းမှု လုပ်ဆောင်သင့်သည်ဟု ရေဘေးလှူသည့်အဖွဲ့ဝင်တွင် ပါဝင်သည့် မွန်ဆရာတော်တစ်ပါးက တိုက်တွန်းမိန့်ကြားသည်။

    “ဆရာတော်တို့ ဗုဒ္ဓဘာသာအနေဖြင့် ကိုယ့်လူမျိုး ကိုယ့်ဒေသဆိုပြီး ဒီလိုရေဘေးသင့်ဒုက္ခရောက်နေချိန်မှာတော့ ခွဲခြားနေခြင်းမရှိရအောင် နိုင်ရာဖက်ကနေ ကိုယ်လက်လှမ်းမီရာဖက်ကနေ အတတ်နိုင်ဆုံး ရှင်သန်ရာ လူ့ဘဝအနေနဲ့ပဲ ကြည့်ပြီးတော့ သွားရောက်ကူညီကယ်ဆယ် ပါဝင်သင့်တယ်လို့ပဲမိန့်ကြားချင်ပါတယ်။ ဒါက အရေးဒုက္ခရောက်ချိန်ဆိုတော့” ဟု မိန့်သည်။

    ရေဘေးသင့်ဒေသများကို မွန်သံဃာတော်အဖွဲ့အပြင် မွန်ပြည်နယ်အတွင်းက လှုမှုကူညီကယ်ဆယ်ရေးအဖွဲ့၊ ပရဟိတအဖွဲ့နှင့် အလှူရှင်များ ကိုယ်တိုင်သွားရောက် ကူညီထောက်ပံ့မှုများလည်း ရှိနေသည်။

    ရာဂီမုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်အသီးသီးက မြို့နယ်ပေါင်း ၅၃ မြို့နယ်ထက်မနည်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။

    ရေဘေးကြောင့် နိုင်ငံတစ်ဝှမ်းတွင် သေဆုံးသူ ၂၉၃ ဦးရှိပြီး၊ လူဦးရေ ၁၆၁၅၉၂ ရေဘေးသင့်ကာ နေအိမ် ၄၄၇၁ လုံး ပျက်စီးခဲ့ရသည်ဟု စစ်ကောင်စီ၏ စက်တင်ဘာလ ၁၉ ရက်နေ့ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks