စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိပ်နင်းရေးအဖွဲ့ ဖွဲ့စည်းရန်အတွက် လူမစုဆောင်းပေးနိုင်သည့် အုပ်ချုပ်ရေးမှူးများကို ဖိအားပေး ခြိမ်းခြောက်မှု ပြုလုပ်လာနေသည်ဟု သိရသည်။
ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအတွက် စစ်ကောင်စီက မွန်ပြည်နယ်အတွင်းရှိ ရေး၊ ဘီးလင်း၊ ကျိုက်ထိုအစရှိသည့် မြို့နယ်တို့တွင် ဩဂုတ်လဆန်းပိုင်းကတည်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့မှတဆင့် အတင်းအကြပ် လူစုဆောင်းခိုင်းစေခဲ့သည်။
“ခြိမ်းခြောက်ပြောဆိုမှုတွေလည်း ရှိတယ်။ လူမရှာနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေဆိုရင် သူတို့ (စစ်တပ်) တပ် မှာ လာနေပေါ့။ အဲ့လောက်ထိ ပြောထားတာ” ဟု ရေးမြို့မှ စစ်ကောင်စီအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ရေး၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီက အတင်းအကြပ်စုဆောင်းရရှိထားသည့်လူများဖြင့် ပြည်သူ့လုံခြုံရေးသင်တန်း စတင်ပို့ချပေးနေသည်ဟု သိရသည်။
ကျန်မြို့နယ်တို့တွင်လည်း စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအတွက် လူစုဆောင်းခိုင်းနေပြီး လူမစုဆောင်းပေးနိုင်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အော်ဟစ်ပြောဆိုမှု ပြုလုပ်နေသည်ဟု မုဒုံမြို့မှ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“သင်တန်းက ဝဲကလိမှာ သွားတက်ရမှာဆိုတော့ မသွားချင်ကြဘူး။ သူတို့ (စစ်ကောင်စီ) ပြောထားသလောက် လူမပြည့်ရင် အုပ်ချုပ်ရေးမှူးတွေကို အော်မယ် ဟစ်မယ် လုပ်တယ်။ အပြစ်ပြောမယ်။ မလုပ်နိုင်ရင် ထွက်လိုက် အဲလို ပြောတယ်” ဟု ပြောသည်။
စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဩဂုတ်လ ၁၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးနောက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် အသက် ၃၅ နှစ်မှ ၆၅ နှစ်အရွယ် အမျိုးသားများ ပြည်သူ့လုံခြုံရေးအဖွဲ့ထဲ ပါဝင်လာစေရန် ဖိအားပေး လုပ်ဆောင်လာခဲ့သည်။
တစ်ဘက်တွင်လည်း စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ပြည်သူများမပါဝင်ရန်နှင့် ပူးပေါင်းပါဝင်မှုမပြုလုပ် မွန်ပြည်သစ်ပါတီ (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာန (MSFC- DoD)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့ ထုတ်ပြန်ထားပြီး ပူးပေါင်းပါဝင်သူများကို အရေးယူသွားမည်ဟု သတိပေးထားသည်။
