spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရေးတွင် အတင်းအကြပ်လူစုဆောင်းပြီး ပြည်သူ့လုံခြုံရေးတင်တန်းပို့ချပေးနေ

    ရေးတွင် အတင်းအကြပ်လူစုဆောင်းပြီး ပြည်သူ့လုံခြုံရေးတင်တန်းပို့ချပေးနေ

    -

    မွန်ပြည်နယ်၊ ရေးမြို့ပေါ်နှင့် ကျေးရွာအချို့တို့တွင် စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့မှတဆင့် အတင်းအကြပ်လူစုဆောင်းခိုင်းပြီး ပြည်သူ့လုံခြုံရေးအတွက် သင်တန်းပို့ချပေးနေသည်ဟု သိရသည်။

    ပြည်သူ့လုံခြုံရေးအတွက် သင်တန်းကို စက်တင်ဘာလ ၁၆ ရက်နေ့ကစပြီး ရေးမြို့အခြေစိုက် အမှတ် (၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ပို့ချပေးနေကြောင်း သင်တန်းကာလသည် နှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ပြည်သူ့လုံခြုံရေးသင်တန်းကို ရေးမြို့ပေါ်ရပ်ကွက်များပြင် အစင်၊ အဘော၊ ချောင်းဝ၊ ဟံဂံကျေးရွာအစရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် ၃၅ နှစ် ၆၅ နှစ်ကြား အမျိုးသားများ တက်ရောက်နေသည်ဟု သိရသည်။

    “အခုအပတ်အတွင်းမှာပဲ စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ဖိအားပေးပြီး သင်တန်းသားတွေကို ရှာခိုင်းတယ်။ မရှာရင်လဲ အုပ်ချုပ်ရေးမှူးတွေကို ခြိမ်းခြောက်တယ်။ သူပြောတာကတော့ ရှာမရရင် တပ်မှာ သွားနေရမယ်တဲ့။ အဲဒါကြောင့် အုပ်ကြီးတွေက သူတို့အတွက် ရှာပေးလိုက်တာပေါ့” ဟု ရေးမြို့က ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ပြည်သူ့လုံခြုံရေးသင်တန်းတက်ရောက်နေသည့် လူဦးရေအရေအတွက်ကို အတည်မပြုနိုင်သော်လည်း ရပ်ကွက်၊ ကျေးရွာတစ်ခုလျှင် အနည်းဆုံး ၅ ဦးခန့်ပါဝင်ကြောင်း သင်တန်းတက်ရောက်သူများကို စစ်ကောင်စီက တစ်ရက် ၈၅၀၀ ကျပ် ထောက်ပံ့ပေးနေသည်ဟုလည်း ဆိုသည်။

    သင်တန်းပြီးမြောက်ပါက ရပ်ကွက်၊ ကျေးရွာလုံခြုံရေးအတွက် လိုအပ်သလိုခေါ်ယူကာ တာဝန်ပေးသွားမည်ဆိုပြီး စစ်ကောင်စီက ပြောဆိုထားကြောင်းလည်း သိရသည်။

    စစ်ကောင်စီက ပြည်သူ့လုံခြုံရေးသင်တန်းဆင်းများကို ရွေးကောက်ပွဲအတွက် အသုံးချရန် ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

    “သူတို့ပြောဆိုချက်အရဆို သူတို့အစည်းအဝေးမှတ်တမ်းအရဆို ဒီသင်တန်းနှစ်ပတ်ခေါ်ပြီးသွားရင် သူတို့ခေါ်ဖို့ မရှိတော့ဘူး။ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှုတွေကို သူတာဝန်ယူထားတာကတော့ ဒီနှစ်ပတ်ပြီးရင် သူတို့ကနေအိမ်ပြန်ပို့ပေးမယ်။ ဒါပေမဲ့ သူတို့လိုအပ်လာတဲ့နေ့ကျရင် လာပေးရမယ်။ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ပြည်သူ့လုံခြုံရေးကို အသုံးချနိုင်တယ်” ဟု အထက်ပါနီးစပ်သူက ဆက်ပြောသည်။

    လတ်တလောတွင် ရေးမြို့နယ်အတွင်း စစ်ကောင်စီက အရပ်သားများကို အကြောင့်မဲ့ ဖမ်းဆီးမှု ဆက်တိုက်လုပ်ဆောင်နေသလို ဖမ်းဆီးခံရသူများလည်း သတင်းမရပဲ ပျောက်ဆုံးနေသည့်အတွက် ထိုဖမ်းဆီးခံရသူများ စစ်မှုထမ်းနှင့် ပြည်သူ့လုံခြုံရေးအတွက် အသုံးချခံရမည်ကို စိုးရိမ်နေကြသည်။

    စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဩဂုတ်လ ၁၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးနောက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် ဖိအားပေး လုပ်ဆောင်လာခဲ့သည်။

    တစ်ဘက်တွင်လည်း စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ပြည်သူများမပါဝင်ရန်နှင့် ပူးပေါင်းပါဝင်မှုမပြုလုပ် မွန်ပြည်သစ်ပါတီ (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာန (MSFC- DoD)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့ ထုတ်ပြန်ထားပြီး ပူးပေါင်းပါဝင်သူများကို အရေးယူသွားမည်ဟု သတိပေးထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks