စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသည့် အကြမ်းဖက်တိုက်ခိုက်မှု အရပ်ရပ်ကို မှတ်တမ်းတင်ထားရှိပြီး အိမ်နီးချင်းနိုင်ငံများ၊ အကြမ်းဖက်တိုက်ခိုက်မှုကို မလိုလားသော ယဉ်ကျေးသည့် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က စက်တင်ဘာ ၁၀ ရက်က ထုတ်ပြန်သည်။
စစ်ကောင်စီသည် ၎င်းတို့၏ တပ်ရင်း၊ တပ်မ၊ စကခ၊ ဒကစ၊ ရမခ စသော စစ်တိုင်းဌာနချုပ်များ၊ ရဲတပ်ရင်းများ၊ လေ့ကျင့်ရေး သင်တန်းကျောင်းများ အပါအဝင် မြို့၊ ရွာများကို နေ့စဉ် လက်လွတ်ဆုံးရှုံးနေရကြောင်း ထို့နောက် ၎င်းတို့ လက်လွှတ်ဆုံးရှုံးရသော မြို့၊ ရွာများရှိ အရပ်သားပြည်သူများ၊ လူနေထူထပ်သော နေရာများကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
စက်တင်ဘာ ၆ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ရှမ်းမြောက်ရှိ နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြကြဲတိုက်ခိုက်ခြင်းကြောင့် မြို့ခံ ၁၁ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။
အလားတူ စက်တင်ဘာ ၈ ရက်နေ့က မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့ လေကြောင်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင်များ၊ အရပ်သား၊ ရဟန်းရှင်လူ၊ ပြည်သူလူထုများ အပါအဝင် စစ်သုံ့ပန်အဖြစ်ရှိနေသော ၎င်းတို့၏ တပ်ဖွဲ့များ၊ ၎င်းတို့တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များပါ သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိနေကြောင်း ဆိုသည်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ AA တပ်ဖွဲ့၏ စစ်သုံပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသောနေရာကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း AA က ထုတ်ပြန်သည်။
AA ထုတ်ပြန်ချက်ကြောင့် သေဆုံးမှုများကို အတိအကျသိရကြောင်း၊ သတင်းများတွင် မပါဝင်ဘဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများလည်း ရှိနေကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
“သူတို့ပြောသလို စစ်သုံ့ပန်တွေ ကျန်းမာရေးစင်တာ ဖွင့်ထားတယ်။ စစ်သုံ့ပန်တွေကို ဆေးကုသပေးနေတယ် ဆိုတာ တရားဝင်ကြေညာလို့ပေါ့နော်၊ တရားဝင်မကြေညာဘဲနဲ့ ဗုံးချပြီးတော့ ဒဏ်ရာရသွားတာ။ ထိခိုက်နစ်နာမှုရှိတာတွေကတော့ အများကြီး၊ တော်တော်များတယ်။ ဒါကတော့ တပ်တော်ကလည်း တရားဝင်ကြေညာထားတာ ဖြစ်တဲ့အတွက်ပေါ့နော် အတိအကျ သိရတာပေါ့။ တချို့ဆိုလို့ရှိရင် ဘုန်းကြီးကျောင်းတွေ ပျက်စီးသွားတာတို့ တချို့ဆိုလို့ရှိရင် အလှူတွေ လုပ်နေတဲ့အချိန်မှာ ဗုံးလာကြဲပြီးတော့ ဘုန်ကြီးကျောင်းတွေ ပျက်စီးတယ်။ ကားတွေဆိုရင်လည်း အကုန်လုံး ကြေမွသွားတယ်ဆိုတာ ရသေ့တောင်ကမ်းဖက်က ကြားရတာတွေ ရှိတယ်။ ဒါတွေက သတင်းမှာ တက်လာတာ မရှိဘူးပေါ့နော်၊ ဒါကတော့ အန်တီတို့ ရခိုင်အချင်းချင်းပေါ့ ဖုန်းဆက်သွယ်လို့ ရတဲ့နေရာက ပြောကြရင်း အဲဒီလိုမျိုးတွေ ကြားရတယ်” ဟု ၎င်းက ပြောသည်။
အလားတူ စက်တင်ဘာလ ၉ ရက် ညကလည်း စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် မောင်တော၊ ၄ မိုင် (နခခ-၂) စခန်း စစ်သုံပန်းများနှင့် တခြားအကျဉ်းသားများအား ခေတ္တထိန်းသိမ်းထားသည့်နေရာကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုဖြစ်စဉ်အတွင်း စစ်သုံပန်းများ၊ ARSA ၊ RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင်တပ်ဖွဲဝင်များ၊ စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ၊ ALP နှင့် ဆက်စပ်နေသောသူများ၊ သံသယအမျိမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသူ အချိုအပါအဝင် စုစုပေါင်း အကျဉ်းသား ၅၀ ကျော် ပွဲချင်းပြီး သေဆုံးကာ၊ မြောက်မြားစွာ ဒဏ်ရာရရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ ခေါင်းဆောင်များ၏ အမိန့်ပေးတာဝန်ပေးခြင်းခံရသော လေသူရဲများအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုမျိုးတွင် ပူးပေါင်းဆောင်ရွက်မှုမျိုး မပြုလုပ်ရန် တိုက်တွန်းကြောင်းနှင့် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို သတိထားကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းထားသည်။