Homeသတင်းစက်သုံးဆီအခက်အခဲကြောင့် လုပ်ငန်းအချို့ မလည်ပတ်နိုင်

စက်သုံးဆီအခက်အခဲကြောင့် လုပ်ငန်းအချို့ မလည်ပတ်နိုင်

-

မွန်ပြည်နယ်အတွင်း ဇူလိုင်လနောက်ဆုံးအပတ်ခန့်မှစကာ စက်သုံးဆီကို အကန့်အသတ်ဖြင့် ဝယ်ယူနေရသည့်အပြင် စက်သုံးဆီအသုံးပြုနေရသည့်လုပ်ငန်းများအတွက် ဆီရောင်းချပေးခြင်းမရှိခြင်းကြောင့် လုပ်ငန်းမလည်ပတ်နိုင်သည့်အခြေအနေရှိနေသည်ဟု သိရသည်။

စက်သုံးဆီအရောင်းဆိုင်တို့က မော်တော်ယာဉ်၊ ဆိုင်ကယ်ဖြင့် လာဝယ်သူများကို အကန့်အသတ်ဖြင့် ရောင်းချပေးနေသော်လည်း ဗူး၊ ဂါလံဖြင့် လာရောက်ဝယ်ယူတို့ကို လုံးဝမရောင်းချပေးကြောင်း သိရသည်။

ယင်းအခြေအနေကြောင့် စက်ပစ္စည်းသုံးလည်ပတ်နေရသည့် ခြံရှင်းလုပ်ငန်း၊ ဝပ်ရှော့လုပ်ငန်း အစရှိသည့်လုပ်ငန်းများ မလည်ပတ်နိုင်ဖြစ်နေသည်ဟု ရေးမြို့မှ ခြံလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

“ဗူးတွေ ဂါလံတွေယူသွားလဲ သူတို့မထည့်ပေးဘူး။ ကား၊ ဆိုင်ကယ်နဲ့လာမှ သူတို့ထည့်ပေးတယ်၊ ရောင်းရင်လည်း တစ်နေကုန် မရောင်းတော့ဘူး၊ ကျွန်တော်တို့ ဒုက္ခရောက်နေတာပေါ့။ အခု ခြံရှင်းဖို့က ဆီဝယ်မရဘူး။ လူငှားပြီး ရှင်းနေရတော့ တစ်နေ့ နှစ်သောင်း ပေးရတယ်။ ပြီးတော့ လက်နဲ့ဆို တစ်နေ့နည်းနည်းပဲရတယ်။ ပိုက်ဆံရှိတဲ့လူဆို ငှားနိုင်တယ်ပေါ့။ ကျွန်တော်တို့လိုဆို မငှားနိုင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် စက်သုံးဆီကို မှောင်ခိုဈေးကွက်တွင် ဈေးကြီးပေးဝယ်ယူနေရသည့်အပြင် ဆိုင်ကယ်ဆီဘောက်မှတဆင့် စုပ်ယူအသုံးပြုနေရသည်ဟုလည်း အထက်ပါ ခြံလုပ်ငန်းရှင်က ဆက်ပြောသည်။

စက်သုံးဆီပြတ်လပ်မှုပြဿနာသည် တစ်လကျော်ကြာလာသည့်ထိ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ပြီး လက်ရှိတွင် တစ်လီတာ ၅၀၀၀ ကျပ်ပေါက်ဈေးဖြင့် ဆိုင်ကယ်တစ်စီးလျှင် ၅၀၀၀ ကျပ်၊ မော်တော်ယာဉ်တစ်စီးလျှင် ၁၀၀၀၀ ကျပ် စသဖြင့် အကန့်အသတ်ဖြင့် ဝယ်ယူနေရဆဲဖြစ်ကြောင်း ရေးမြို့မှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ဆီက အခုထိ ကန့်သတ်ထားတုန်းပဲ။ ဆိုင်ကယ်ဆို ၅၀၀၀ ထည့်ပေးတယ်။ ၅၀၀၀ က တစ်လီတာပဲရှိတယ်။ ကားဆို ၁၀၀၀၀ ထည့်ပေးတယ်။ ကားက ၁၀၀၀၀ ပဲထည့်ပေးတော့။ ခရီးဘယ်လို့သွားမလဲ၊ မော်လမြိုင်တက်ဖို့က တက်လိုမရနေဘူးအခု။ သူတို့ရောင်းရင်လဲ မနက်ပိုင်းပဲရောင်းတယ်။ ဒါပေမဲ့ အရေးပေါ်ကားအတွက်ဆို ၂၄ နာရီ ထည့်ပေးတယ်။ အခြားဆို မရဘူး” ဟု ၎င်းက ဆက်ပြောသည်။

စက်သုံးဆီကို တန်းတူညီမျှဝယ်ယူနိုင်ရန် ခွဲတမ်းစနစ်ဖြင့် ရောင်းချမည့်အစီအစဉ်ကို စစ်ကောင်စီက စီစဉ်နေခြင်းကြောင့် အဝယ်ကဒ်လက်မှတ်ဖြင့် ရောင်းချသွားရန်ရှိသည်ဟုလည်း ဆီလုပ်ငန်းရှင်တို့က ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်ကြီးများတွင် ဆီဘောက်ဆာကား တစ်လအတွင်း ၃ ကြိမ်ခန့်သာ ဝင်ရောက်ပြီး ဆီခွဲတမ်းရရှိမှု ပုံမှန်ထက် ထက်ဝက်အောက်သာရှိနေသည်ဟု စက်သုံးဆီအရောင်းဆိုင်ကြီးတို့မှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts