Wednesday, March 11, 2026
More
    spot_img
    Homeသတင်းဆေးဝါးဈေးနှုန်းကြောင့် နာတာရှည်ရောဂါရှိသူတို့ ဆေးပုံမှန်မသုံးစွဲနိုင်

    ဆေးဝါးဈေးနှုန်းကြောင့် နာတာရှည်ရောဂါရှိသူတို့ ဆေးပုံမှန်မသုံးစွဲနိုင်

    -

    ဆေးဝါးဈေးနှုန်းနေ့စဉ်မြင့်တက်နေမှုနှင့် ဝယ်ယူရရှိမှုအခက်အခဲကြောင့် နာတာရှည်ရောဂါရှိသူတို့ ဆေးပုံမှန်မသုံးစွဲနိုင်သည့်အခြေအနေတွင် ရှိနေသည်ဟု သိရသည်။

    ပြည်ပမှတင်သွင်းသည့် အခြေခံအိမ်သုံးဆေး Tiffy တစ်ကဒ်သည် ယမန်နှစ်က ၄၀၀ ကျပ်ဈေးရှိရာမှ လက်ရှိတွင် ကျပ် ၂၀၀၀ ဝန်းကျင်အထိ မြင့်တက်လာပြီး အခြား ဆီးချို၊ သွေးတိုး၊နှလုံး၊ အာရုံကြောနှင့် ကျောက်ကပ်စသည့် နာတာရှည်ဆေးများ ဈေးကွက်တွင် နှစ်ဆသုံးဆအထိ ဈေးနှုန်းမြင့်တက်နေလျှက်ရှိသည်။

    ၎င်းကြောင့် နွမ်းပါးသည့် နာတာရှည်ဝေဒနာရှင်များ ဆေးကို ရက်ခြားသောက်သုံးခြင်း၊ အမျိုးအစား လျှော့ချသောက်သုံးခြင်းအပြင် ဝယ်ယူသုံးစွဲနိုင်သည့်အချိန်မှသာ သုံးစွဲနေရသည်ဟု နာတာရှည်ဝေဒနာသည် ရေးဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

    “ လေဖြတ်ရောဂါဖြစ်ဖူးတော့ သွေးထိန်းဆေးတွေ သောက်နေရတယ်။ အခုက နေ့တိုင်းမသောက်နိုင်တော့ ၆ ရက်လောက်နားပြီး ၃ ရက်ဆက်တိုက်သောက်တယ်။ ပြီးရင် ၆ ရက်နား ၃ ရက်ဆက်တိုက်သောက် အဲလိုလုပ်နေရတယ်။ ဆရာဝန်ကတော့ နေ့တိုင်သောက်ဖို့မှာထားတယ်။ ဒါပေမဲ့ ကိုယ်က ဝယ်သောက်မနိုင်တော့ ရက်ခြားပြီးသောက်ရတယ်။ ဆေးမသောက်နိုင်တော့ ကိုယ့်ကိုယ်ကို ပိုပြီးသတိထားဆင်ခြင်ရတာပေါ့။ ဈေးကလည်း တစ်နေ့နဲ့တစ်နေ့ မတူဘူး။ ပြီးတော့တချို့ဆေးဝါတွေပြတ်နေတာလည်းကြာတယ်”ဟု ဆိုသည်။

    တစ်ရက်လုပ်အားခ ၆၀၀၀ ဝန်းကျင်သာ ရရှိနေခြင်းကြောင့် ကျန်းမာရေးကိစ္စထက် စားရေးသောက်ရေးသာ ပိုအလေးထားနေရပြီး အချို့ဝေဒနာသည်တို့ ဆေးမသောက်နိုင်ဘဲ ဒုက္ခရောက်နေကြသည်ဟု ဆက်ပြောသည်။

    နာတာရှည် ဝေဒနာသည်တို့ ဆေးဝါးပုံမှန်မမှီဝဲနိုင်ပါက အသက်သေဆုံးသည်အထိ ရောဂါပြင်းထန်လာနိုင်သည်ဟုလည်း ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတို့ ပြောပြချက်အရ သိရသည်။

    ဆေးဝါးဖြန့်ဖြူးသည့် ကုမ္မဏီကြီးတို့မှ ဈေးနှုန်းမြှင့်တင်လိုက်ခြင်း၊ အရောင်းကန့်သတ်ခြင်းတို့ လုပ်ဆောင်ခဲ့သည့်အတွက် လက်လီအရောင်းဆိုင်အများစု တက်ဈေးနှင့်အတူ လိုက်ရောင်းနေရသည်ဟုလည်း မော်လမြိုင်မြို့ရှိ ဆေးဝါးအရောင်းဆိုင်ရှင်တစ်ဦးက ဆိုသည်။

    "လူနာတွေကိုလည်း ကိုယ်ချင်းစာပါတယ်။ ဆရာဝန်က ဒီဆေးတဆိပ်သောက်ရမယ်ဆိုပြီး သူတို့က ဒီတံဆိပ်ပဲဝယ်သွားတယ်။ နောက်နေ့ သူတို့လာဝယ်တော့ ဒီတံဆိပ်ကမရှိတော့ဘူး။ ဆေးရှိတော့လည်း ဈေးနှုန်းက ၆ ဆလောက်မြင့်တက်နေတော့ သူတို့လာမေးပြီး ဝယ်မနိုင်လို့ ပြန်သွားရတာလည်း ရှိတယ်။ ဆေးမသောက်နိုင်တော့ဘူး ပြောတဲ့ သူတွေလည်းရှိတာပေါ့။ ဆီးချို၊ သွေးတိုးသမားတွေအတွက်ဆို အရမ်းခက်ခဲ ဖြစ်တယ်။ ရက်ပိုင်ဈေးက ၄၀၀၀၀ နောက်နေ့တော့ တစ်သိန်းအထိ ဖြစ်နေတယ် ” ဟု ၎င်းကဆက်ပြောသည်။

    ၎င်းကြောင့် ပရဟိတအခမဲ့ဆေးခန်းနှင့် လူမှုကူညီရေးအသင်းတို့မှ ဖွင့်လှစ်ထားသည့် ဆေးပေးခန်းတို့တွင် ပြည်သူတို့ ပိုမိုအားကိုအားထားပြုလာကြသည်ဟု သိရသည်။

    ပြည်တွင်း ဆေးဝါးဈေးကွက်၏ ၈၅ ရာခိုင်နှုန်းသည် ပြည်ပမှ တင်သွင်းရခြင်းဖြစ်ပြီး နိုင်ငံခြားငွေမြင့်တက်လာခြင်းကြောင့် အိမ်သုံးဆေးဝါးနှင့် နာတာရှည်ဆေးများ ဈေးကွက်တွင်ရှားပါးပြီး နေ့ချင်းညချင်း ဈေးအဆမတန်မြင့်တက်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks