spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းအနန်းကွင်းကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်နေဆဲ

    အနန်းကွင်းကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်နေဆဲ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာအနီးတစ်ဝိုက်တွင် နှစ်ပတ်ကျော်ကြာလာသည့်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

    သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းဗျုဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ဩဂုတ်လလယ်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

    စစ်ကောင်စီတပ်က အနန်းကွင်းဗျုဟာတပ်စခန်း မကျရေးအတွက် အပြင်းအထန် ခုခံနေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံတို့က လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “မနေ့ (သြဂုတ် ၂၅) ကလည်း တိုက်ပွဲပြင်းထန်နေရောပဲ။ စစ်ကြောင်းတက်လာလို့ ပစ်ကြတာလား မသိဘူး။ အခုက ညီမတို့က ဖားပြရွာဘက်ကို ပြေးလာရပြီ။ လွတ်ရှမ်းအပေါ်ဘက်လောက် လက်နက်ကြီးသံတွေ တအားကျနေတယ်။ မနေ့က လွတ်ရှမ်းနဲ့အနန်းကွင်းဘက်မှာ လက်နက်ကြီးသံတွေ တအားပဲ။ အခုက ဟိုပြေးဒီပြေးပဲ” ဟု ဖားပြရွာသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အနန်းကွင်းဒေသခံတစ်ဦးက ပြောသည်။

    တိုက်ပွဲကြောင့် လက်ရှိတွင် အနန်းကွင်းနှင့် အနီးတစ်ဝိုက်ရှိ လွတ်ရှမ်း၊ ဝင်းကန၊ ကျုံခဝန်၊ တညင်၊ ကျောက်ဘီလူး၊ သံပုရာ စသည့် ကျေးရွာမှ ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

    စစ်ကောင်စီက အနန်းကွင်းရွာအခြေစိုက် ဗျုဟာတပ်စခန်းအပြင် အနန်းကွင်းရွာအနီး လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီ အထိုင်တပ်စခန်းများ မကျရေးအတွက် လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေသည်။

    “ဒီရက်ပိုင်းအတွင်းမှာတော့ လက်နက်သံတွေ တော်တော်ကြားနေရတယ်။ မနေ့(သြဂုတ် ၂၅) ကဆိုရင် တစ်နေကုန်ပဲ။ တံခွန်တိုင်ဘက်မှာလည်း ညညဆို လက်နက်သံတွေ ကြားနေရတယ်” ဟု ထီးဖိုးနိုင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြေသည်။

    စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာနှင့် အနီးနားတဝိုက်က ဒေသခံများသာမက အခြားကျေးရွာက ဒေသခံများလည်း ရွာထဲမနေရဲကြတော့သည့် အခြေအနေ ဖြစ်လာနေသည်ဟု ဆိပ်ကလေးကျေးရွာခံတစ်ဦးက ပြောသည်။

    ၎င်းက “ဒီဘက်မှာက တချို့ရွာတွေက ညပိုင်းဆို ရွာမှာ မအိပ်ရဲကြတော့ဘူး။ ခြံတွေမှာ သွားအိပ်ကြတယ်။ ဒါမဟုတ် တောင်တွေမှာ ဂူတွေမှာ သွားအိပ်နေရတဲ့ အနေအထား ရှိလာတယ်။ ပြီးတော့ စစ်သားတွေ ကားနဲ့ ဒီဘက်ခြမ်းကို ဖြတ်သွားဖြတ်လာ နေကြတယ်ဆိုတော့လေ” ဟု ပြောသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေကြောင့် ဒေသခံပြည်သူများ စစ်ဘေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် ရပ်ကျေးအုပ်ချုပ်ရေးမှူအချို့တို့က သတိပေးပြောဆိုထားသည်လည်း ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks