spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီပြတ်လပ်မှုကြောင့် လုပ်ငန်းနယ်ပယ်အသီးသီးမှ ဒေသခံပြည်သူတို့၏ စကားသံ

    စက်သုံးဆီပြတ်လပ်မှုကြောင့် လုပ်ငန်းနယ်ပယ်အသီးသီးမှ ဒေသခံပြည်သူတို့၏ စကားသံ

    -

    မွန်ပြည်နယ်အတွင်း ဇူလိုင်လ နောက်ဆုံးအပတ်မှစ၍ လက်ရှိအချိန်အထိ စက်သုံးဆီဝယ်ယူရရှိမှုခက်ခဲနေဆဲဖြစ်ပြီး တစ်လီတာ ၅ ထောင်ကျော်အထိ ဝယ်ယူသုံးစွဲနေရသည်ဟု သိရသည်။

    စက်သုံးဆီအခက်ခဲကြောင့် စီးပွားရေး၊ လူနေမှုဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းတို့အပေါ် များစွာသက်ရောက်မှုရှိနေပြီး ကုန်ဈေးနှုန်းအမြင့်ဆုံးမြင့်တက်နေသည့်ကာလတွင် လုပ်ငန်းရပ်နားထားရခြင်းကြောင့် ပြည်သူတို့ စားဝတ်နေရေး ပိုမိုခက်ခဲလျှက်ရှိသည်။

    လက်ရှိစက်သုံးဆီရရှိမှုအခက်ခဲကြောင့် ရေး၊ သံဖြူဇရပ်၊ ချောင်းဆုံအပြင် အခြားမြို့နယ်များမှ ဒေသခံများ၏ စကားသံကို ကောက်နှုတ်တင်ပြထားသည်။

    ကိတ်မုန့်ဖုတ်ဆိုင်မှ အမျိုးသမီးတစ်ဦး (ဒူးယားရွာ၊ ရေးမြို့နယ်)

    “လောလေဆယ် စက်သုံးဆီးရဖို့က ခက်ခဲနေတယ်၊ ကုမ္ပဏီမီးကလည်း ၂၄ နာရီမပေးတော့ဘူး။ ပြီးတော့ မီတာခကလည်း ဈေးတက်လာနေတယ်။ ခုချိန်မှာက အကုန်လုံးကဈေးတက်နေတယ်။ ကိုယ့်အလုပ်ကလည်း ကိတ်မုန့်ဖုတ်တဲ့အလုပ်ဆိုတော့ လျှပ်စစ်အိုးတွေသုံးရတယ်။ မုန့်တွေထားဖို့ ရေခဲသတ္တာတွေ သုံးရတယ်၊ မီးစွမ်းအားကို အများကြီးလိုတယ်။ သူတို့မီးကို ၂၄ နာရီလုံး မဖွင့်ပေးတော့ မီးလာတဲ့ အချိန်မှာပဲ မြန်မြန် မုန့်လုပ်ရတယ်။ ပြီးရင် မုန့်အော်ဒါလေးတွေ ပိုဖို့အတွက်ကလည်း စက်သုံးဆီ ဝယ်ယူရတဲ့အခက်ခဲနဲ့ ဈေးကြီးပေးပြီးဝယ်ရတာနဲ့ကြုံရပြန်ရော။ မုန့်ဈေးကိုလည်း ဈေးကြီး တင်ရောင်းလို့လည်းမရဘူး။ ဖောက်သည်တွေ ပျောက်သွားမယ်။ အရင်ကဆို အော်ဒါတွေ တစ်နေ့ကို အများကြီး လက်ခံဖြစ်တယ်။ အခုတော့ မီးကပုံမှန်မှ မလာနေတော့ အရင်ကလိုမျိုးအများကြီး လက်ခံလို့မရတော့ဘူး၊ အခြေအနေကြည့်ပြီး လုပ်နေရတယ်။

    (လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦး (မော့ကနင်ကျေးရွာ၊ ရေးမြို့နယ်)

    “ဈေးကြီးတာက အရေးမကြီးဘူး။ ဓာတ်ဆီဆိုင်တွေ အားလုံးက ကယ်ဆယ်ရေးကားအတွက်ဆိုရင် ဓာတ်ဆီတွေကို အခမဲ့ ပေးတယ်၊ စေတနာနဲ့ပေးကြတယ်။ လိုသလောက် ဖြည့်ပေးတယ်။ ဒါပေမဲ့ ဒီကနေ သူတို့ဆိုင်ကို ရောက်ဖို့က အခက်ခဲဖြစ်တယ်။ဥပမာ လမိုင်းက နေမကောင်းတဲ့သူကို မြို့ဆေးရုံကို ပို့မယ်ဆိုရင် သွားရဖို့က ဓာတ်ဆီမလောက်လုံနေဘူး။ ပြီးတော့ ဒီဘက်မှာ ရှိတဲ့ဆိုင်တွေ အားလုံးကပိတ်ထားတယ်။ သံဖြူဇရပ်မှာရှိတဲ့ဆီဆိုင်ပဲဖွင့်ထားတယ်ဆိုရင် အဲကိုရောက်ဖို့အတွက် သွားဖို့ကအခက်အခဲဖြစ်တယ်။ တချို့ဆိုရင် ဆေးရုံကနေ ပြန်လာဖို့အတွက်ကလည်း ဆီဆိုင်ကိုရောက်ဖို့အတွက် ခက်ခဲတယ်။ ဆီဆိုင်အများစုက ပိတ်ထားကြတော့ ဝယ်ယူလို့မရဘူး။ အသက်ကယ်အရေးပေါ်တဲ့ အခြေအနေဆိုရင် အပြင်ဈေးကနေဝယ်ယူလာရတယ်။ လူနာတွေကို ဆေးရုံပို့ဖို့ပေါ့လေ"

    မီနီအိုးဝေ ယာဉ်မောင်းတစ်ဦး

    “ဓာတ်ဆီ ဝယ်ယူရတာခက်တော့ သူများတွေယာဉ်ငှားလည်း မသွားရဘူး။ ဆီမှမရှိတာ အလုပ်တွေလဲ မလုပ်ရဘူး။ ကိုယ့်အလုပ်က ကြို/ပို့ယာဉ်မောင်းသူဆိုတော့ ဓာတ်ဆီကိုဈေးအကြီးပေးပြီးဝယ်ဖို့ကလည်း တွက်ခြေမကိုက်ဘူးဖြစ်နေတယ်။ ဈေးအမြင့်ယူလည်း သူတို့မပေးနိုင်၊ အခုအိမ်မှာပဲရှိနေတယ် သူများတွေလာငှားလည်း မသွားနိုင်ဘူး။ဓာတ်ဆီတွေ ဝယ်ယူရခက်နေတော့ ရပ်နားထားရတယ်။ ဓာတ်ဆီမရှိရင် ကားရောင်းရရင်လည်း ရောင်းရမှာပေါ့။ အလုပ်လည်မလည်ပတ်တော့၊ ဘာမှလဲ မပြောချင်တော့ဘူး စိတ်တွေလည်း ညစ်နေတယ်။”

    ဆားလုပ်ငန်းရှင်တစ်ဦး (သံဖြူဇရပ်မြို့နယ်)

    “ကျနော်တို့ကတော့ နေရာအနှံ့မှာ ဆားကို တင်ပို့ဖြစ်တယ်။တချို့အချိန်တွေဆို လမ်းစရိတ်တွေများတော့ မတင်ပို့နိုင်တာလဲ ရှိတယ်။ ဓာတ်ဆီတွေက ဈေးကြီး လမ်းစရိတ်တွေလည်းအရင်ကထက် နှစ်ဆ ပိုများလာနေတာ၊ သူတို့မဝယ်နိုင်ဘူးဆိုတော့ ကိုယ့်မှာ တင်ပို့ခွင့် မရှိဘူးပေါ့။ အရောင်းအဝယ်တော့ လုပ်နေတာပဲ။ တချို့အချိန်တွေဆို အရှုံးပေါ်တာလည်းရှိတယ်။ ဖောက်သည်တွေနဲ့ အဆက်သွယ်မပျောက်ဖို့က အဓိကဆိုတော့ ကိုယ်က လုပ်နေတုန်းပဲပေါ့။ ဆားဈေးကမကောင်းတော့ တချို့ဆိုရောင်းဝယ်မှုတွေ မလုပ်ကြတော့ဘူး၊ ရပ်ထားကြတယ် ”

    ရာဘာစိုက်တောင်သူ (ရေးမြို့နယ်)

    “အခုက ဓာတ်ဆီတွေက ဝယ်ယူရခက်တာတွေမက ဈေးတွေလဲ တစ်နေ့ထပ်တစ်နေ့ မြင့်တက်နေတယ်။ ပြီတော့ အကန့်အသတ်နဲ့ပဲ ရောင်းနေတယ်။ အခုက ခြံသမားတွေအကုန်လုံး ခက်ခဲနေကြတယ်။ ဒီအချိန်ဆိုရင် ခြံကိုလည်း ရှင်းလင်းချင်နေတယ်။ ရှင်းလင်းဖို့အတွက်က မြတ်ခုတ်စက်ကိုလည်း ဆီဖြည့်ရတယ်။ အခုကဖြည့်ဖို့အတွက်လည်း ဆီကအချိန်တိုင်းရှိနေမှ မဟုတ်တာ ရတဲ့အချိန်မှရတယ်။ ရတဲ့အချိန်ကလည်း ငွေမရှိတဲ့အချိန်နဲ့ကြုံတော့ မဝယ်နိုင်ပြန်ရော။ အိမ်မှာ စားရေးအတွက်လည်း ကြပ်တည်းနေတယ် ခြံမှာရှင်းလင်းဖို့ ခြံကိုသွားဖို့လည်း အခက်အခဲရှိနေတော့ ရပ်နားထားတယ် ”

    မော်လမြိုင်တက္ကသိုလ်တွင်ကျောင်းသူတစ်ဦး

    “ကျောင်းနဲ့အိမ်က အရမ်းဝေးတယ်လမ်းလျှောက်သွားဖို့ကလည်း အဆင်မပြေဘူး။ ပြီးတော့ ဆိုင်ကယ်နဲ့ သွားဖိုကလည်း ဆီဖြည့်ရတယ်။ တချို့တွေဆို ၃နာရီ ၄နာရီ ကတည်းက ထွက်စောင့်ပြီးတန်းစီနေတာ ၉နာရီ ၁၀နာရီလောက်မှ ဓာတ်ဆီတွေရတာ။အဲ့ကြောင့် ဆီဝယ်နေတာနဲ့ အချိန်ကုန်သွားတယ်။ ကိုယ်က ကျောင်းသွားနေရတော့ ညနေပိုင်းကျောင်းဆင်းချိန်မှာ ဆီတွေနေရာတိုင်မှာ ကုန်သွားပြီး။ ဓာတ်ဆီတွေလည်း သွားမရှာရဲဘူး ဆိုင်ကယ်မှာရှိတဲ့ ဆီပါကုန်သွားစိုးလို့။ ဆီကို ဟိုက ပြင်ပဈေးကွက်မှာ ဝယ်လို့ရရင်တော့ ရပ်ကွက်ကလူတွေကနေ သတင်းရရင် သွားဝယ်ကြတယ်။

    ရေး- မော်လမြိုင် ခရီးသည်ယာဉ်မောင်းသူ

    “ဓာတ်ဆီမရှိဘူး ဝယ်ယူရခက်ခဲနေတော့ စိုရိမ်းရတယ်။ သွားလာတဲ့အခါဆိုရင် ဖွင့်တဲ့ဆိုင်တွေ တွေ့ရင် ရှိတဲ့ဆိုင်မှာ ဆီဖြည့်ဝယ်ကြရတယ်။ ဈေးကြီးမကြီးမပြောရဘူး ဝယ်ယူရတယ်။ ဆီအမျိုးစားတွေလည်း ရွေးလို့မရဘူး။ အရင်ကဆို ကိုယ့်က ၉၂ ထည့်တယ်ဆိုရင် ၉၂ ပဲထည့်တယ် ၉၅ မထည့်ဘူး အဲလိုလုပ်လို့ရတယ်။ အခုက ရွေးလို့မရတော့ဘူး သူတို့ထည့်ပေးတဲ့ဟာပဲ ဝယ်ယူလို့ရတယ်။ မြို့ဘက်ဆိုရင် ရွာဘက်ထက် ပိုခက်တယ်။ ပိုလည်း ဈေးကြီးတယ်။ အရင်ကဆို ခရီးသည်တွေ ကားဌားတာ ကိုယ်က ကားခ ပြောတာနဲ့ ငှားဖြစ်ကြတယ်။ အခုတော့ အဲလိုမျိုးမဖြစ်တော့ဘူး။ ဈေးတွေလည်း တက်နေတော့ သူတို့ ငှားမနိုင်တော့ဘူး၊ ငှားတဲ့သူတွေလည်းနည်းတယ်။”

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks