အွန်လိုင်းအရောင်းအဝယ် မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စတို့ကို ဆောင်ရွက်ရန် ရပ်ကွက်အုပ်ချုပ်ရေးရုံးနှင့် အုပ်ချုပ်ရေးမှုးတို့မရှိသည့်အပြင် ထောက်ခံချက်တစ်စုံတစ်ရာရရှိနိုင်မည့် စစ်ကောင်စီဌာနဆိုင်ရာရုံးတို့မရှိခြင်းကြောင့် မှတ်ပုံတင်လက်မှတ်မလျှောက်ထားနိုင်ကြောင်း မွန်ပြည်နယ်မှ အွန်လိုင်းရောင်းဝယ်ရေးလုပ်ကိုင်နေသူတို့က ဆိုသည်။
စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် သြဂုတ် ၈ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသည့် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို eComReg System www.ecomreg.gov.mm တွင် မှတ်ပုံတင်လျှောက်ထားရမည်ဟု အသိပေးထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ထားသည့် ဝက်ဆိုဒ်စာမျက်နှာတွင် မှတ်ပုံတင်ရန် ရောင်းချနေသည့် ကုန်ပစ္စည်း၏ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ SME မှတ်ပုံတင်လက်မှတ်၊ ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာတို့ဖြင့် ပူးတွဲတင်ပြရမည်ဟု အွန်လိုင်းအလှကုန်ပစ္စည်းရောင်းဝယ်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
“မှတ်ပုံတင်ဖို့အတွက် ထောက်ခံစာလိုတယ်။ ထောက်ခံစာယူဖို့က ရဲစခန်းကို သွားရတယ်လေ။ အစ်မတို့ ဒေသတွေမှာလဲ ရပ်ကွက်အုပ်ချုပ်ရေးရုံတွေ မရှိတော့ဘူး။ စစ်ကောင်စီတွေက အကုန်လုံးကို မီးရှိုးလိုက်ပြီး။ အဲကြောင့် အဲဒီရုံကနေ ယူဖို့က မရတော့ဘူး။ ထောက်ခံစာယူဖို့က ရဲစခန်းကိုလဲ အစ်မတို့က မသွားရဲဘူး။ ပြီးတော့ အွန်လိုင်းနဲ့ လျှောက်ထားဖို့ကလည်း ထောက်ခံစာတွေ ရှိမှလျှောက်လို့ရတယ်။ ကိုယ်တိုင်လုပ်မယ်ဆို ကုန်တာနည်းတယ် ဒါပေမဲ့ အွန်လိုင်းနဲ့ ငွေလွဲဖို့က ဘဏ်တွေက အခက်ခဲရှိတယ် ” ဟု ဆိုသည်။
အဆိုပါ အသိပေးထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက် ၆ လပြည့်သည်အထိ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ခုအတိုင်း အရေးယူသွားမည်ဟုလည်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာလတွင်လည်း ယခုကဲ့သို့ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားကြေညာထားပြီး မှတ်ပုံတင်ခြင်းမရှိသေးသည့်သူတို့ိကို ဖမ်းဆီး၊ ငွေညှစ်မှု လုပ်ဆောင်ခဲ့သေးသည်ဟု အွန်လိုင်းအထည်ရောင်းဝယ်နေသူတစ်ဦးက ဆိုသည်။
“ သူတို့ ညွှန်ထားတဲ့အတိုင်မလုပ်ဘူးဆိုရင် သူတို့လိုချင်တဲ့ ငွေပမာဏကို ပေးရမယ်။ သူတို့ပြဿနာရှာရင်လဲ ကိုယ်ပဲခံရမယ်။ သူတို့ထောင်ချရင်လဲ ခံရမယ်။ကိုယ်ကသူ့နိုင်ငံမှာရှိနေတော့သူတို့လုပ်ချင်သလိုလုပ်တယ်။ ပြီးတော့ ကိုယ်က မှတ်ပုံမတင်ရသေးဘူးဆိုရင် စိုရိမ်းပြီး နေနေရတယ်။ သူတို့ ဘယ်တော့ ကိုယ့်ဆီ ရောက်လာမှာလဲဆိုတာ အိပ်မပျော်ပဲ စိတ်ပူနေရတယ်။ သူတို့က အကြီးစားလုပ်ငန်းတွေကိုပဲ အဓိကထားပြီး ပြဿနာရှာတယ်။ တချို့ဒိုင်ကြီးတွေကို ဖမ်းသွားတယ်၊ အကြမ်းဖက်တယ်၊ ငွေညစ်တယ် အဲလိုမျိုးကိုတွေဖူးတယ် ကြုံဖူးတယ်။ အဲကြောင့် ပွဲစားနဲ့ သွားပြီးလျှောက်လိုက်တယ်။ ခုမှ စိတ်ချရတယ်” ဟု ထိုသူက ဆက်ဆိုသည်။
စစ်ကောင်၏ ညွှန်ကြားချက်သည် အွန်လိုင်းလုပ်ငန်း လုပ်ငန်းသူတို့အပေါ် အခွန်တိုးမြှင့်ယူဆောင်နိုင်မည့်အပြင် အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတို့ အခြားနစ်နာမှုများစွာရှိလာမည်ဟုလည်း ပြောဆိုလျှက်ရှိသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင်လည်း နိုင်ငံအတွင်း အွန်လိုင်းအရောင်းအဝယ်လုပ်ကိုင်သူတို့ မှတ်ပုံတင် ရမည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့်နောက် လက်ရှိတွင် နိုင်ငံတစ်ဝှမ်း မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်း ၆၀၀၀ ကျော်ရှိနေသည်ဟု စစ်ကောင်စီ သတင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။
မွန်ပြည်နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှုရုံးတို့ကို တော်လှန်ရေးအဖွဲ့တု့ိမှ ဗုံးချဖျက်စီးမှုလုပ်ဆောင်နေသည့်အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှုးတို့ကိုလည်း အရေးယူပစ်သတ်မှုလုပ်ဆောင်နေခြင်းကြောင်း နှုတ်ထွက်တိမ်းရှောင်သူ များလာသည်ဟု သိရသည်။