spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းတရုတ်လောင်းကစားဝိုင်းကြောင့် အနှောင့်အယှက်ဖြစ်ဖွယ်များသော်လည်း တိုင်ကြားမှုမပြုလုပ်နိုင်

    တရုတ်လောင်းကစားဝိုင်းကြောင့် အနှောင့်အယှက်ဖြစ်ဖွယ်များသော်လည်း တိုင်ကြားမှုမပြုလုပ်နိုင်

    -

    ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ ရပ်ကွက် (၁)တွင် တရုတ်နိုင်ငံသားတို့ ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းကြောင့် ရပ်ကွက်သူ/သားများ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်များလာသော်လည်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့တို့မှ အပြည့်အဝတာဝန်ယူထားခြင်းကြောင့် တိုင်ကြားမှု တစ်စုံတစ်ရာမပြုလုပ်နိုင်ကြောင်း မြို့ခံတို့က ဆိုသည်။

    ထောင်နှင့်ချီသည့် တရုတ်နိုင်ငံသားတို့ ပြီးခဲ့သည့် မေလမှစ၍ ဘုရားသုံးဆူမြို့သို့ စတင်ပြောင်းရွှေ့ ဝင်ရောက်လာပြီး မြို့ပေါ်ရှိလက်နက်ကိုင်အဖွဲ့တို့နှင့် ပူးပေါင်းကာ လောင်းကစားဝိုင်းလုပ်ငန်းများကိုတွင်ကျယ်စွာ ဖွင့်လှစ်ထားသည်။

    အဆိုပါ ရပ်ကွက် ၁ တွင် တရုတ်လောင်းကစားဝိုင်းမှ ဆူညံသံ၊ စည်းကမ်းမဲ့ သောက်စားသွားလာနေခြင်းကြောင့် ရပ်ကွက်အတွင်းနေထိုင်သူတို့ ကျန်းမာရေးဆိုင်ရာကိစ္စအထိ ထိပါးလာသော်လည်း တိုင်ကြားမှုတစ်စုံတစ်ရာ မလုပ်ဆောင်ရဲကြောင်း ဘုရားသုံးဆူမြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

    “ဒီကျောင်းဂိတ်ကနေ ကာစီနိုမျိုးချစ်ထိ အဲ့တစ်လျှောက်က လောင်းကစားဝိုင်း ၁၀၀၀ နဲ့ချီပြီးရှိတယ်။ အဲ့ကြားက ဒေသခံတွေက သူတို့အိမ်နဲ့သူတို့ ဟိုဘိုးဘွားစဉ်ဆက်ကတည်းက နေလာတာရှိတယ်လေ။ လောင်းကစားဝိုင်းရဲ့ သဘာဝက ညံမယ်။ သောက်မယ်မူးမယ်။ နေ့ရောညရော ညံနေကြတော့ အဲ့ကြားက အိမ်နီချင်းတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်နေတာလည်းရှိတယ်။ ဒါပေမဲ့ ဒီလောင်းကစားဝိုင်းက လက်နက်ကိုင်အဖွဲ့တွေက တာဝန်ယူထားတာဆိုတော့ မဖွင့်ဟမပြောဆိုရဲကြဘူး”ဟု သူက ဆိုသည်။

    လောင်းကစားဝိုင်းတို့ကို ကရင်အမျိုးသားအစည်းအရုံး KNU၊ DKBA၊ KNLA-PC၊ ကရင် နယ်ခြားစောင့်တပ် BGF၊ မွန်ပြည်သစ်ပါတီ NMSP တို့ ပူးပေါင်းပြီး တာဝန်ယူဆောင်ရွက်နေသည်ဟုလည်း ၎င်းမြို့ခံကဆိုသည်။

    လောင်းကစားဝိုင်အခြေအနေကြောင့် ခိုးဆိုလုယက်သတ်ဖြတ်မှုတို့လည်းရှိလာပြီး ဒေသခံတို့အတွက် နစ်နာမှုများလာသည်ဟုလည်း ဆက်ပြောသည်။

    “နောက်တစ်ခုက ဒီလောင်းကစားဝိုင်းများလာတဲ့နောက်ပိုင်းမှာ ဒီသုံးဆူမြို့ပေါ်မှာ ခိုးဆိုးလုယက်မှုတွေက များလာတယ်။ ဟိုအိမ်ဝင်ခိုးလိုက် ဒီအိမ်ဝင်ခိုးလိုက်နဲ့ ခဏနေ ဆိုင်ကယ်ခိုးသွားပြန်ပြီး ဒါတွေ ခဏခဏကြားနေရတယ်။ တစ်လမှာဆိုရင် ၁၆ ခါ ၁၇ ခါလောက် ဖြစ်နေတာ။ ဒါကလည်း ဒေသခံအတွက် နစ်နာမှုပဲလေ”ဟု ဆိုသည်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်က အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူများ အောက်တိုဘာလ နောက်ဆုံးထားပြီး ဒေသတွင်းက ထွက်ခွာသွားကြဖို့ ကရင်နယ်ခြားစောင့်တပ် BGF က ပြီးခဲ့သည့် မေလ ၁ ရက်နေ့က ထုတ်ပြန်လာပြီးနောက် တရုတ်နိုင်ငံသားများ ဘုရားသုံးဆူမြို့ဘက်သို့ စတင်ဝင်ရောက်လာခြင်း ဖြစ်သည်။

    အဆိုပါတရုတ်နိုင်ငံသားများ ထိုင်းနိုင်ငံမှတဆင့် ပတ်စပို့ဖြင့် ဝင်ရောက်လာသူများရှိသည့်အပြင် DKBA၊ BGF အကူအညီဖြင့်လည်း တစ်ဦးလျှင် ဘတ် ၁ သိန်းအထိပေးဆောင်ကာ မြဝတီ-မော်လမြိုင်-ဘုရာသုံးဆူလမ်းကြောင်းမှတဆင့် ဝင်ရောက်နေသည်ဟု သိရသည်။

    ဘုရားသုံးဆူမြို့တွင် ထောင်နှင့်ချီသည့် တရုတ်နိုင်ငံသားများ စတင်ဝင်ရောက်လာပြီးနောက် မြို့နှင့်သက်ဆိုင်သည့် အကြောင်းတစ်စုံတစ်ရာ ထုတ်ပြန်ရာတွင် မြန်မာဘာသာအပြင် တရုတ်ဘာသာဖြင့်ပါ ထုတ်ပြန်လာသည်ဟု သိရသည်။

    တစ်ဖက်တွင်လည်း တရုတ်နိုင်ငံသားအများအပြား ဝင်ရောက်နေသည့်အတွက် စီးပွားရေးအလုပ်ငန်းများအပါအဝင် ဒေသတွင်း တရုတ်နိုင်ငံသားများ လွှမ်းမိုးသွားမည်ကို ဘုရားသုံးဆူမြို့ခံတို့ စိုးရိမ်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks