မြန်မာကျပ်ငွေ ပုံမှန်ဈေးမရှိနေခြင်းကြောင့် ထိုင်း- မြန်မာနယ်စပ်ဘုရားသုံးဆူမြို့နှင့် အခြားနီးစပ်ရာ နယ်စပ်ဒေသတို့တွင် ကူးသန်းရောင်းဝယ်ရေးနှင့် လုပ်ငန်းနယ်ပယ်အသီးသီး၌ ကျပ်ငွေအသုံးပြုမှုမရှိသလောက်နည်းပါးနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။
ဇူလိုင်လနောက်ဆုံးအပတ်မှစ၍ ထိုင်း-မြန်မာငွေလဲဈေးကွက်တွင် ငွေဈေးနှုန်းတည်ငြိမ်မှုမရှိသည့်အပြင် မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ် ၇၀၀ ဝန်းကျင်သာပေါက်ဈေးရှိနေသည်ဟု သိရသည်။
မြန်မာကျပ်ငွေအသုံးပြုလျှင် အကျိုးအမြတ်ရရှိမှုမရှိခြင်းကြောင့် ဘုရားသုံးဆူမြို့တွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တို့အပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းနှင့် အကြီးစားကူးသန်းရောင်းဝယ်မှုတို့တွင် ကျပ်ငွေကို အသုံးမပြုတော့ကြောင်း မော်လမြိုင်- ဘုရားသုံးဆူမြို့ ကူးသန်းရောင်းဝယ်နေသူတစ်ဦးက ဆိုသည်။
“ နယ်စပ်မှာရှိတဲ့ဈေးဆိုင်တွေက မြန်မာကျပ်ငွေကို ယူချင်တဲ့အချိန်မှယူတယ်။ ထိုင်းဘတ်ကိုပဲသုံးများတယ်။ လူနည်းစုကပဲ မြန်မာနဲ့အဆက်သွယ်ရှိနေလို့ ကျပ်ငွေယူနေရတယ်။ ဆိုင်အချို့က မြန်မာက လူတွေကိုသနားလို့ ကျပ်ငွေကို ယူနေတာ။ တကယ်ဆို ဒီမှာက ကျပ်ငွေသုံးတာရှားလာတယ်။ ထိုင်းဘတ်ကိုပဲ စုဆောင်းလာကြတယ်။ ထိုင်းဘတ်ကို ငွေပြန်လဲရင် ကိုက်ပေမယ့် မြန်မာငွေတန်ဖိုးက ကျပဲကျတော့ မြန်မာငွေကို မစုထားချင်ကြတော့ဘူး။ ”ဟု ၎င်းက ပြောသည်။
အလားတူ ဘုရားသုံးဆူ- မော်လမြိုင်မြို့လမ်းပိုင်းနေရာအချို့ ပုံမှန်ကျပ်ငွေဖြင့် အရောင်းအဝယ်ပြုလုပ်နေသည့် ထမင်းဆိုင်၊ စက်သုံးဆီဆိုင်တို့တွင်လည်း ဘတ်ငွေဖြင့် ပြောင်းလဲအသုံးပြုလာသည်ဟု ဆက်ပြောသည်။
ဘုရားသုံးဆူမြို့ခံ အမျိုးသမီးတစ်ဦးမှလည်း “ နယ်စပ်တွေမှာ ဘတ်ငွေကို တော်တော်များများ သုံးပြီး စုဆောင်းလာကြတယ်။ တကယ်လို့ ထိုင်းဘတ်ကို ငွေပြန်လဲရင် ကိုက်ပေမယ့် မြန်မာငွေ တန်ဖိုးက ကျပဲကျတော့ မြန်မာငွေကို မစုထားချင်ကြတော့ဘူး။ ဝယ်စရာရှိရင် ဝယ်လိုက်တယ်။ ရောင်းစရာရှိရင် ရောင်းလိုက်ကြတယ်။ သူတို့လက်ထဲမှာ မြန်မာငွေ မထားချင်ကြတော့ဘူး။ သူတို့ သုံးဖို့လိုအပ်မှ သွားလဲလိုက်တယ် ”ဟု ၎င်းက ပြောသည်။
ယခုရက်ပိုင်းအတွင်း မြန်မာကျပ်ငွေဈေးနှုန်းကျဆင်းမှုသည် ပထမဆုံးအကြိမ်နှင့် အဆိုးဆုံးဖြစ်ကြောင်းလည်း ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတို့က ပြောဆိုလျှက်ရှိသည်။
စစ်အာဏာသိမ်းချိန် အစောပိုင်းတွင် အဆိုပါဘုရားသုံးဆူမြို့အတွင်း ကျပ် ၅၀၀၀ ထောင်တန်နှင့် ၁၀၀၀၀ တန်တို့ကိုသာ လက်ခံအသုံးပြုနေရာမှ ယခုတွင် လုံးဝအသုံးမပြုသည့် အခြေအနေတို့တွင် ရှိနေသည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီမှ ငွေကစားနေသူဟု ယူဆရသည့် ငွေလဲလုပ်ငန်းလုပ်ကိုင်သူနှင့် နိုင်ငံခြားငွေရောင်းဝယ်သူတို့ကို ဖမ်းဆီးစစ်ဆေးမှုလုပ်ဆောင်နေသည်ဟု သိရသည်။