spot_img
Sunday, January 18, 2026
More
    spot_img
    Homeသတင်းပဲခူးမြို့ပေါ်ရေပြန်လည်ကျဆင်းသော်လည်း အနိမ့်ပိုင်းကျေးရွာအချို့ ရေကျော်နေဆဲ

    ပဲခူးမြို့ပေါ်ရေပြန်လည်ကျဆင်းသော်လည်း အနိမ့်ပိုင်းကျေးရွာအချို့ ရေကျော်နေဆဲ

    -

    မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့မှစ၍ ရေပြန်လည်ကျဆင်းလာသော်လည်း ပဲခူးမြို့ပြင်ရှိ အနိမ့်ပိုင်းကျေးရွာတို့တွင် ရေကျော်နေဆဲဖြစ်သည်ဟုမြို့ခံ ရေဘေးကူညီကယ်ဆယ်သူတို့ထံမှ သိရသည်။

    မြို့ပြင်ရှိ အနိမ့်ပိုင်း ကျေးရွာတို့တွင် ယနေ့နေ့လည်ပိုင်းအထိ ကားလမ်းမထက် ရေကျော်နေဆဲဖြစ်ပြီး မွန်းလွှဲပိုင်းတွင် ကားနှင့်ဆိုင်ကယ် ဖြတ်သန်းသွားလာနိုင်မည်ဟု ပဲခူးဒေသခံတို့မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

    ယနေ့အထိ ကားလမ်းမထက် ရေကျော်နေခြင်းကြောင့် စားနပ်ရိက္ခာ ကူညီထောက်ပံ့နေဆဲဖြစ်သည်ဟု မြို့ခံရေဘေးကူညီကယ်ဆယ်သူတစ်ဦးက ဆိုသည်။

    “ဒီပဲခူးမြို့ပေါ်က ရေကျပြီးတော့ ဟိုမြို့အပြင်ဘက်က ရွာဘက်တွေမှာ ရေများနေတာ။ ၅ ရွာ ၆ ရွာလောက်ရှိမယ်။ ဇိုင်းကြီး၊ မုက္ကလ၊ အပိုင်တို့ အောင်ချမ်းသာတို့ဘက်မှာ ရေပိုများနေတာ။လှေနဲ့အစ်ကိုဒီနေ့ပဲ အဲ့ဘက်မှာ ရေတို့ မားမားတို့ ဆီတို့စသဖြင့်ပေါ့ လှူနေရတယ်ပေါ့ ” ဟု ဆိုသည်။

    မြို့နယ်တစ်ဝှမ်း ရေကြီးရေလျှံမှုဖြစ်ပွားနေခြင်းကြောင့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ပဲခူးမြို့၏ အဓိကရေလှောင်ဆည်ဖြစ်သည့် ဇောင်းတူးဆည်ကို ဖောက်ထားခဲ့သည့်နောက် ပဲခူးမြို့ပေါ်အမြင့်ပိုင်းရပ်ကွက်အချို့ ရေပြန်လည်ကျဆင်းသွားခြင်းဖြစ်သည်။

    ရေဘေးကြောင့် ပဲခူးမြို့အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် အမြင့်ပိုင်းရပ်ကွက်တို့တွင် ယာယီကယ်ဆယ်ရေးစခန်း ၂၂ ခုထက်မနည်း ဖွင့်လှစ်ထားပြီး စခန်းတစ်ခုလျှင် ရေဘေးသင့်ပြည်သူ အနည်းဆုံး ၇၀၀ ဦးခန့်ထားရှိထားသည်ဟု သိရသည်။

    ပဲခူးမြို့ပေါ် အနိမ်ပိုင်းရပ်ကွက်တို့ ရေပြန်လည်ကျသွားဆင်းသွားပြီးနောက် ကယ်ဆယ်ရေးစခန်းမှ ရေဘေးရှောင်ဒေသခံထက်ဝက်ခန့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး အနိမ့်ပိုင်းကျေးရွာမှ ရေဘေးရှောင်ဒေသခံတို့ နေအိမ်မပြန်နိုင်သေးကြောင်း သိရသည်။

    “ဒီပဲခူးမှာက အကုန်မပြန်ရသေးဘူး။ တစ်ဝက်လောက်တော့ပြန်လာကြပြီးထင်တာပဲ။မြို့ပေါ်ကပရဟိတအဖွဲ့ကို သေချာမမေးကြည့်ရသေးဘူး။ အနိမ့်ပိုင်းရပ်ကွက်ကဆို မပြန်ရသေးဘူး။ မနေ့ကသွားတာ မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်မှာဆို ရေကရင်လောက်ရှိသေးတယ်။ ဒီနေ့ဆို ခါးလောက်ပေါ့။ ပြန်တဲ့သူတွေပြန်။ အဆင်မပြေတဲ့ သူတွေ မပြန်ရသေးပေါ့” ဟု သူက ပြောသည်။

    လက်ရှိတွင် ရန်ကုန်-ပဲခူးလမ်းဟောင်းရှိ ပဲခူးလမ်းပိုင်းနှင့် မြို့လယ်လမ်းတို့တွင် ယာဉ်ကြီးယာဉ်ငယ်များ ဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်ဟု သိရသည်။

    ပဲခူးမြို့ ၁ ပတ်ကျော် ရေကြီးမှုဖြစ်စဉ်အတွင်း အသက် ၈နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၄ ဦး သေဆုံးသွားသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts